၂၀၂၅ ခုနှစ် မတ်လ(၈)ရက်
၁။ မတ်လ (၈)ရက် နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် အမျိုးသမီး အခွင့်အရေးနှင့် ကျားမတန်းတူညီမျှရေး တို့အတွက် အသိအမြင်မျှဝေရေး လှုပ်ရှားမှုများကို ရည်ရွယ်ပြီး နှစ်စဥ်ကျင်းပလေ့ရှိပါသည်။
၂။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုကြည့်လျှင် ၁၉၀၀ ခုနှစ် များဆီက မတရားဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများကို တုန့်ပြန်တွန်းလှန်ရန်အတွက် စိန်ခေါ်မှုများမှတဆင့် စတင်လာခဲ့ခြင်းဖြစ်ပါသည်။ ၁၉၀၈ ခုနှစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများအနေဖြင့် နိုင်ငံရေးနှင့်စီးပွါးရေး တန်းတူညီမျှမှုဖြစ်သည့် မဲပေးပိုင်ခွင့်ရရှိရန်၊ အလုပ်ချိန် လျှော့ချရန် နှင့် လစာတိုးခွင့်ရရှိရန် တို့အတွက် ဆန္ဒပြတောင်းဆိုချီတက်ခဲ့ကြသည့် ဂုဏ်ယူဖွယ် နေ့ထူး နေ့မြတ် ဖြစ်ပါသည်။
၃။ ကမ္ဘာ့သမိုင်းတွင်သာမက မြန်မာ့သမိုင်းအဆက်ဆက် နိုင်ငံရေးအရွေ့တိုင်းတွင် အမျိုးသမီးများ၏ ပါဝင်မှု အားထုတ်မှုများသည် ယနေ့ကဲ့သို့ ဂုဏ်ယူဖွယ်နေ့ ကျင်းပရခြင်း၏ အကြောင်းရင်းခံ ဖြစ်ပေသည်။ နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်တပ်က လူမဆန်စွာဖမ်းဆီးချုပ်နှောင် အကျဥ်းချခံရသည့် အမျိုးသမီး အရေအတွက်မှာ ၂၀၂၁ ခုနှစ် မှ ၂၀၂၅ ခုနှစ် ထိ အရွယ်ရောက်ပြီးအမျိုးသမီး (၅,၉၅၂) ဦးရှိပြီး ဖမ်းဆီးခံရဆဲအမျိုးသမီးများထဲမှ (၂,၃၂၉) ဦးမှာ ပြစ်ဒါဏ်ချမှတ်ခံထားရပြီးဖြစ်သည်။ ပြစ်ဒါဏ်ချမှတ်ခံထား ရသူ များထဲတွင် သေဒါဏ်ချမှတ်ခံထားရသူ (၁၆) ဦး၊ ထောင်ဒါဏ်တစ်သက်ချမှတ်ခံထားရသူ (၅၈) ဦး ပါဝင်ပါသည်။ ကျဆုံးသူအမျိုးသမီးမှာ (၁,၉၆၅) ဦးရှိပါသည်။ ထို စာရင်းဇယားအရ နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အနစ်နာခံ ပေးဆပ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မည် ဖြစ်သည်။
၄။ ယနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာ “For All women and Girls; Rights, Equality, Empowerment” ဖြစ်သည်။ အမျိုးသမီးများ ကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး အမျိုးသမီးများ၏ အခွင့်အရေး၊ တန်းတူညီမျှနှင့် လုပ်ပိုင်ခွင့်ရရှိရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ရမှာဖြစ်သလို အဖွဲ့အစည်း အသီးသီးမှလည်း ပံ့ပိုးလုပ်ဆောင်ကြရမှာဖြစ်ပါသည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ(PSHEA)၊ ဂျဲန်ဒါတန်းတူရေးမူဝါဒ(Gender Equality Policy) ကိုလည်း အတည်ပြုထုတ်ပြန်ပြီးဖြစ်သလို စတင်ကျင့်သုံးအကောင် အထည်ဖော်လျက် ရှိပါသည်။ နိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့် အမျိူးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ တန်းတူညီမျှမှု အခွင့်အရေး နှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း တို့အတွက် ထိရောက်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုက်ပါသည်။
ဒူဝါလရှီးလ
ယာယီသမ္မတ
National Unity Government