ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ အားလုံးသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်တည်ထောင်ရေး ဟူသည့် တူညီသော ရည်မှန်းချက်များနှင့်အတူ စုစည်းညီညွတ်စွာဖြင့် မဟာဗျူဟာမြောက် ထိုးစစ်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စတင်ဆင်နွှဲနေကြပြီဖြစ်သလို အချိန်တိုအတွင်း စခန်းသိမ်း၊ မြို့သိမ်းအောင်ပွဲများစွာ ရယူစွမ်းဆောင်ထားနိုင်ကြပြီး မကြာခင် အကြမ်းဖက် စစ်အုပ်စုသည် ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့ဘဲ မုချရှုံးနိမ့်ကျဆုံးတော့မည် ဖြစ်သည်။
ထို့အပြင် စစ်တပ်ကသာ ပြည်ထောင်စုမပြိုကွဲအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက် နေရသည်ဟူသော အကြောင်းပြချက်ဖြင့် လက်တွေ့တွင် လက်တဆုပ်စာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် များနှင့် ၄င်းတို့၏မိသားစုများသာ နိုင်ငံရေး၊ စီးပွားရေး အခွင့်ထူးခံလျက် ပြည်သူလူထုနှင့် စစ်တပ်ယန္တရားအပေါ် အဆင့်ဆင့်ဂုတ်သွေးစုပ်၍ အစဉ်ဗိုလ်ကျလွှမ်းမိုးခဲ့သော စစ်အာဏာရှင် ခေတ်စနစ်သည်လည်း လုံးဝချုပ်ငြိမ်း ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
အဆိုပါပြောင်းလဲမှုဖြစ်စဉ်များအား အမှန်အတိုင်း သိမြင်သဘောပေါက်၍ ပြည်သူ့နွေဦး တော်လှန်ရေး(၃)နှစ်ခန့်ကာလအတွင်း တနိုင်ငံလုံးအနှံ့အပြား ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်စုစုပေါင်း (၁၄,၀၀၀) ကျော်ရှိနေပြီဖြစ်ကာ လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများ၏ အကူအညီဖြင့် ၄င်းတို့အားလုံး မိသားစုဝင်များ နှင့်အတူ ဘေးကင်းလုံခြုံရာနေရာများသို့ ရောက်ရှိပြီး လူ့ဂုဏ်သိက္ခာရှိစွာဖြင့် ဘဝကို ဖြတ်သန်းရှင်သန်လျက် ရှိနေကြပါသည်။
တဖက်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်များသည် ရှေ့တန်းရောက်တပ်မတော်သား၊ ရဲ တပ်ဖွဲ့ဝင်များ ကို လုံလောက်သော ရိက္ခာ၊ စစ်ကူထောက်ပံ့၊ ပို့ကူနိုင်ခြင်းမရှိတော့ဘဲ သတင်း အတုအယောင်များဖြင့် မျှော်လင့်ချက်အမှားများပေးကာ သေတွင်းထဲသို့ အတင်းအဓမ္မတွန်းပို့နေ သကဲ့သို့ ယခုအခါ စစ်ဆေးဆရာဝန်များ၊ သူနာပြုများ၊ ယာဉ်ထိန်းရဲများပါမချန် ပြည်သူကို ရန် ဖက်ပြုဆင်နွှဲနေသော တိုက်ပွဲရှေ့တန်းများသို့ စေလွှတ်လာသည်ကို တွေ့ရသည်။
ထို့ကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံရန် ကျန်ရှိနေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်များ အားလုံးအနေဖြင့် မိမိတို့၏ သားစဉ်မြေးဆက်အထိ လူဖြစ်ရှုံးကာ သမိုင်း တရားခံဖြစ်စေမည့် အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်သစ္စာခံနေခြင်းအား ရပ်တန်းကရပ်ကာ ပြည်သူလူထုအပေါ် သစ္စာခံလျက် တော်လှန်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုများနှင့် အတူတကွ ရဲဝံ့ပြတ်သားစွာ လက်တွဲရပ်တည်ရန် အချိန်ကျရောက်နေပြီ ဖြစ်ပါသည်။
ယနေ့အချိန်သည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုတော်လှန်ရေးအဖွဲ့အစည်းများ အားလုံးက တန်းတူရေး၊ ညီညွတ်ငြိမ်းချမ်းရေးနှင့် အပြန်အလှန်လေးစားအသိအမှတ်ပြုသည့် လူ့အသိုင်းအဝိုင်း တည်ဆောက်ရေးအတွက် ခေတ်ပြောင်း၊ စနစ်ပြောင်းကာ ပြည်ထောင်စုသစ်ထူထောင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် အခါသမယဖြစ်ပါသည်။
ထို့အပြင် အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပစ်ပယ်၍ ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ် မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအတွက် အနာဂတ်ပြည်ထောင်စုသစ်၏ လူ့ အဖွဲ့အစည်းတွင် ဂုဏ်သိက္ခာရှိစွာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန် အောက်ပါအတိုင်း အထူး ခြွင်းချက်ထား၍ လွတ်ငြိမ်းချမ်းသာခွင့်မူဝါဒ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အချိန်အခါကောင်းလည်း ဖြစ်ပါသည်။
• စစ်မြေပြင်တွင် ပြည်သူ့တော်လှန်ရေးအင်အားစုများထံ လက်နက်အပ်နှံလျက် ပြည်သူကို သာ သစ္စာခံမည့်အကြောင်း သဘောထားဖော်ပြလာသူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းပြုမည်မဟုတ်။ မိသားစုထံ ပြန်လိုက ပြန်နိုင်အောင် ကူညီစီစဉ်ပေး မည်။
• မိသားစုဝင်များ အတူပါလာလျှင် ၄င်းတို့၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကို တာဝန်ယူသည်။
• လူ့အဖွဲ့အစည်းအတွင်း ပြန်လည်အခြေချနေထိုင်နိုင်ရန် လိုအပ်သော ထောက်ပံ့မှုများကို အစွမ်းကုန်ကူညီဆောင်ရွက်ပေးမည်။
သို့ဖြစ်ပါ၍ တစ်ဦးချင်းဖြစ်စေ၊ တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ များထံ ဆက်သွယ်၍ ဖြစ်စေ၊ t.me/MyanmarPeople ကို ဆက်သွယ်၍ ဖြစ်စေ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်၍ဖြစ်စေ အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။