ထုတ်ပြန်ကြေညာချက်အမှတ် (၄/၂၀၂၅)

၂၀၂၅ ခုနှစ်၊ မတ်လ (၁၉) ရက်
၁။ (၁၀-၃-၂၀၂၅) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ကပ်သပြေကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ဆေးရုံအဆောက်အအုံများ အပါအဝင် နေအိမ် (၂၀) ခန့် မီးလောင်ပျက်စီးခဲ့ရပါသည်။
၂။ (၈-၃-၂၀၂၅) ရက်နေ့တွင် Free Burma Ranger (FBR) အဖွဲ့မှ ဆေးတပ်သား (medic) များ သည် ကရင်ပြည်နယ်၊ ထောတထူးမြို့နယ်၌ ဒဏ်ရာရပြည်သူများကို ဆေးကုသမှုပေးနေစဉ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးတပ်သားတစ်ဦးမှာ နေရာတွင် ကျဆုံးခဲ့ပြီး ဆေးတပ်သား (၂) ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ဆေးတပ်သား နော်ဆေးမူးဖော၊ အသက် (၂၅) နှစ်မှာ ရရှိခဲ့သော မီးလောင်ဒဏ်ရာများဖြင့် (၁၀-၃-၂၀၂၅) ရက်နေ့တွင် ကျဆုံးခဲ့ရကြောင်း သိရှိရပါသည်။
၃။ (၄-၃-၂၀၂၅) ရက်နေ့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ ကျေးလက် ကျန်းမာရေးဌာနကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးစေတနာ့ဝန်ထမ်း တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးခန်းအဆောက်အအုံ၊ သင်တန်းဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့ရပါသည်။
၄။ (၃-၃-၂၀၂၅) ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘောင့်ဘင်ကျေးရွာရှိ ဆေးခန်းကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၄) ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ အချိန်မီရှောင်တိမ်းနိုင်၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါသည်။ ဆေးရုံအဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ပါသည်။
၅။ (၂၃-၂-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော People’s Healthcare Network (Kalay) ၏ တောင်ပိုင်းတိုက်နယ်ဆေးရုံအား အကြမ်းဖက်စစ်ကောင်စီက တစ်လအတွင်း ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူများအား အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်နေစဉ် လေကြောင်းတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ကျန်းမာရေးစေတနာ့ဝန်ထမ်း (၃) ဦး မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါသည်။
၆။ (၁၄-၂-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ People’s Healthcare Network (Kalay) ၏ တောင်ပိုင်းတိုက်နယ်ဆေးရုံအား အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ (၁၄-၂-၂၀၂၅) ရက်နေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ People’s Healthcare Network (Kalay) ၏ Medical Centre (4) အား အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူများအား အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်နေစဉ် လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အရပ်သားပြည်သူ (၃) ဦး သေဆုံးကာ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
၇။ (၁၃-၂-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ စိုးမိုးနယ်မြေ တစ်နေရာရှိ “ရွှေတောင်ကြား တော်လှန်ရေးဆေးရုံ” အား အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ ထိခိုက်မှုမရှိခဲ့ဘဲ People’s Healthcare Network (Kalay) ၏ ကျန်းမာရေးစေတနာ့ဝန်ထမ်း (၅) ဦး မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါသည်။
၈။ လေးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၁,၆‌၀၀) ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း (၃၆၅) ခု ထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေးဝန်ထမ်းပေါင်း (၁၃၇) ဦးကို အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်ခဲ့ပါသည်။
၉။ အကြမ်းဖက်စစ်ကောင်စီသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ (၄) နှစ်တာကာလအတွင်း ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်။
၁၀။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးသွားသော ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်သူများ၊ တော်လှန်ရေးရဲဘော်များ၏ မိသားစုများနှင့်ထပ်တူ အထူးကြေကွဲ ဝမ်းနည်းရပါသည်။ ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
၁၁။ ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူ များ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းသည်။
၁၂။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။
၁၃။ ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
National Unity Government
Scroll to Top