၁၃၈၅ ခုနှစ်၊ ပြာသိုလဆုတ် ၁၁ ရက်
(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)
အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း Myanmar Oversea Employment Agency Association -MOEAA (မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) (ယခင်အမည်ဟောင်း)) အား အပြီးတိုင် ဖျက်သိမ်းကြောင်း ကြေညာချက်
၁။ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန်၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် နှင့် အလုပ်သမားများအား အကာအကွယ်ပေးရန် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အကြိမ်ကြိမ် တိုက်တွန်းဖိတ်ခေါ်ခဲ့ပြီး ဖြစ်သော်လည်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း Myanmar Oversea Employment Agency Association – MOEAA (မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) (ယခင်အမည်ဟောင်း)) အနေဖြင့် အေဂျင်စီများ၏ အလုပ်သမားများအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူခြင်း၊ လုပ်ငန်းခွင်သို့ ရောက်အောင် မပို့ဆောင်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်များကို စည်းကြပ်မှု မရှိဘဲ အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် တက်ကြွစွာပူးပေါင်း ဆောင်ရွက်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုသည့်အနေဖြင့် စစ်ကောင်စီအား ငွေကြေးများထည့်ဝင် ထောက်ပံ့ပေးနေခြင်း၊ စစ်ကောင်စီ၏ နိုင်ငံခြားငွေ အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ချွေးနည်းစာကို မတရားဝင်ငွေခွန် (အခွန်နှစ်ထပ်)ကောက်ခံခြင်းနှင့် လုပ်အားခ၏ ၂၅% အား မိသားစုထံလွှဲပို့ငွေအဖြစ် စစ်တပ်က စီစဉ်ထားသည့် နည်းလမ်းအတိုင်း အတင်းအကျပ် ဖိအားပေးလွှဲပြောင်းစေခြင်းစသည့် မတရားအမိန့်များကို တက်ကြွစွာ အကောင်အထည်ဖော်နေခြင်း၊ စစ်ကောင်စီထံစီးဆင်းသည့် နိုင်ငံခြားငွေများအား အရပ်သားပြည်သူများကို လေကြောင်းမှတိုက်ခိုက်နိုင်ရေး လေယာဉ်ဆီတင်သွင်းရန်နှင့် လက်နက် ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် အဓိကအသုံးပြုနေသည်ကိုသိလျက်နှင့် မြန်မာ ပြည်သူလူထု၏ ဒုက္ခအား မျက်ကွယ်ပြု၍ အကြမ်းဖက်စစ်ကောင်စီထံ သွေးစွန်းငွေအဖြစ် လွှဲပြောင်းပေးအပ်ရန် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ မြန်မာအလုပ်သမားများကို အကာအကွယ်မပေးဘဲ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် အကြမ်းဖက်စစ်တပ်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသော မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း Myanmar Oversea Employment Agency Association -MOEAA (မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) (ယခင်အမည်ဟောင်း)) အားမတရားအသင်းအဖြစ် သတ်မှတ်ပြီး အပြီးတိုင်ဖျက်သိမ်း လိုက်ကြောင်း ကြေညာအပ်ပါသည်။
၃။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အပေါ် ဝန်ဆောင်ခအဆမတန်ကောက်ယူခြင်း၊ လုပ်ငန်းခွင်သို့ရောက်အောင် မပို့ဆောင်ခြင်း၊ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုများကို အချိန်နှင့် တပြေးညီ လိုက်ပါဖြေရှင်း ဆောင်ရွက်ပေးမှုမရှိခြင်းစသည်တို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ချွေးနည်းစာမှ အကြမ်းဖက် စစ်ကောင်စီအပေါ် ဝင်ငွေခွန် ပေးဆောင်ရန်နှင့် အကြမ်းဖက် စစ်ကောင်စီအကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းဖြင့် မိသားစုထံငွေလွှဲပို့ရန် အတင်းအကျပ် ဖိအားပေး စေခိုင်းခြင်း ပြုလုပ်လာပါက အမည်ပျက်စာရင်း (BlacK List) သတ်မှတ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ထပ်မံသတိပေးလိုက်သည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ