ထုတ်ပြန်ကြေညာချက်အမှတ် (၃/၂၀၂၄)

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၇) ရက်

၁။ (၂၅-၄-၂၀၂၄) ရက်နေ့၊ ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီသည် ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်ရှိ ဝမ္မသူးဆေးရုံအား ဂျက်ဖိုက်တာလေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ပ သည်။ ထိုသို့တိုက််ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံး အလုံးစုံ ထိခိုက်ပျက်စီးခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသော အတွင်းလူနာ (၄) ဦးနှင့် လူနာစောင့် (၁) ဦး၊ စုစုပေါင်း (၅) ဦး သေဆုံးခဲ့ရပါသည်။ အခြားလူနာများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများလည်း ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြပါသည်။

၂။ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံသည် ဒေသခံများအတွက် မရှိမဖြစ် ကျန်းမာရေးစောင့် ရှောက်မှုပေးအပ်နေသည့် ဆေးရုံတစ်ခု ဖြစ်သကဲ့သို့ ချင်းပြည်နယ်သာမက စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်များမှ လူနာများပါ လာရောက်ကုသမှုခံယူရာ ဆေးရုံလည်း ဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အချိန်တွင် ဆေးရုံ တက်ရောက်နေသည့် လူနာများကို ဆေးကုသမှုပေးလျက်ရှိသည့်အချိန်လည်း ဖြစ်ပါသည်။ ရရှိသည့် မှတ်တမ်းများအရ ဆေးရုံတစ်ခုလုံးနှင့်အတူ ဆေးဝါးနှင့်ဆေးပစ္စည်းများ အလုံးစုံ ပျက်စီးထိခိုက်ခဲ့ရပါသည်။

၃။ ယခုအဖြစ်အပျက်သည် ဆေးရုံဆေးခန်းများ၊ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည့် အကြမ်းဖက်စစ်ကောင်စီက ထပ်မံကျူးလွန်လိုက်သော နောက်ထပ် စစ်ရာဇဝတ်မှုတစ်ခုလည်းဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူတို့ နေထိုင်ရာ ရပ်ရွာများ၊ ဆေးရုံဆေးခန်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် တမင်ရည်ရွယ်၍ လေကြောင်းတိုက်ခိုက်မှုများနှင့် လူမဆန်သော အကြမ်းဖက်မှုများကို တသမတ်တည်း ကျူးလွန်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၂၉၃) ကြိမ် ကျူးလွန်ခဲ့ ပြီး ဆေးရုံဆေးခန်း (၃၄၃) ခုကို ဖျက်ဆီးခဲ့ပါသည်။ ထို့အပြင် ကျန်းမာရေးဝန်ထမ်း (၁၀၄) ဦးကို သတ်ဖြတ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း (၁၃၁) ဦးကိုလည်း ထိခိုက်ဒဏ်ရာ ရရှိစေခဲ့ပါသည်။ (Reference: https://insecurityinsight. org/country-pages/myanmar)

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်လှသည့် အထက်ပါ အစွန်းရောက်၊ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်၏ ပြည်သူလူထု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော အဖွဲ့အစည်းများနှင့်အတူ ခိုင်မာစည်းလုံးစွာ လက်တွဲရပ်တည်လျက်ရှိပါသည်။

၅။ ဆေးရုံးဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီက တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပါသည်။

၆။ ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ အသေအချာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။

၇။ စစ်ရာဇ၀တ်မှုများကို ကျူးလွန်ရုံသာမက ရက်စက်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေသည့် လူစိတ်ပျောက်နေသော အကြမ်းဖက် ဖက်ဆစ်စစ်တပ်နှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းပါသည်။

၈။ အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Scroll to Top