အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းနေသည့် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်း ဆောင်ရွက်ရန် အခွင့်အာဏာလုံး၀ မရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက အာဏာတည်စေရမည်ဟု ထုတ်ပြန်လာသည့် “ ပြည်သူ့စစ်မှုထမ်းဥပဒေ” သည် တရားဝင်မှု အလျဉ်းမရှိကြောင်း ဖေဖော်ဝါရီလ ၁၃ရက်နေ့ ရက်စွဲဖြင့် အတိအလင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
လတ်တလော အကြမ်းဖက်စစ်အုပ်စုသည် တရားဝင်မှုမရှိသည့် စစ်မှုမထမ်းမနေရကြေညာချက်ကို အသုံးချကာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအား အဓမ္မစစ်သားစုဆောင်းမှုများ ပြုလုပ်ရန် ကြံစည်နေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ့်မှုများကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲအတွင်း ရိုဟင်ဂျာများကို လူသားဒိုင်းအဖြစ် အဓမ္မစေခိုင်းခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုကျုးလွန်နိုင်ရန်၊ ရိုဟင်ဂျာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုများအကြား ယုံကြည်မှုပျက်ပြားပြီး လူမျိုးရေး၊ ဘာသာရေး ပြဿနာများ ဖြစ်ပွားလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အတင်းအဓမ္မ စစ်သားစုဆောင်းမှုကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ် မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာထားပြီးဖြစ်သည်။
ထိုကြောင့် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသည့် အဖျက်အမှောင့် လုပ်ရပ်များ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး လူမျိုးစုများကြား ပဋိပက္ခ ဖြစ်စေရန် ပြုလုပ်နေမှုများကို သတိကြီးစွာဖြင့် ရှောင်ရှားကြရန်နှင့် အကြမ်းဖက် စစ်အုပ်စု၏ လှည့်ကွက်များကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အတိတ်ကာလက ဖြစ်ရပ်များကို သင်ခန်းစာယူပြီး ယခု တကြိမ်တွင် ယင်းလှည့်ကွက်ထဲ မဝင်မိစေရန် လူမျိုးစုအသီးသီးရှိ သက်ဆိုင်ရာ အင်အားစု အသီးသီးအား တိုက်တွန်းအပ်ပါသည်။
အလားတူ အချို့ဒေသများတွင် လူနည်းစုဘာသာဝင်များ၏ ဝတ်ကျောင်းဆောင်များ၊ လူနေ အဆောက်အအုံများကို ဖျက်ဆီးကြရန် စစ်ကောင်စီလက်ကိုင်ဒုတ်များက လှုံ့ဆော်မှုများ လုပ်ဆောင် နေကြောင်းသိရှိရသည်။ အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့အာဏာ တည်မြဲရေးအတွက် နည်းမျိုးစုံသုံး ဆောင်ရွက်လာသည့် အဖျက်အမှောင့် လုပ်ရပ်များကို အမြော်အမြင်ကြီးစွာ သတိထားနိုင်ရန် အသိပေးလိုပါသည်။
စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်၊ လုံခြုံမှုနှင့် လွတ်လပ်မှုအပေါ် အဓမ္မခြိမ်းခြောက်ခံရမှုများမှ လွတ်မြောက်နိုင်မည် ဖြစ်၍ ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြပါရန်နှင့် တော်လှန်ရေး အင်အားစုအားလုံးအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။
National Unity Government