၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂) ရက်
၁။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၊ ည (၁၁း၃၀) နာရီအချိန်ခန့်တွင် စစ်မြေပြင်မဟုတ်သော လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို လေကြောင်းဖြင့် Heavy weight ဗုံးသီး (၄) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ၎င်းဗုံးသီး (၄) လုံးအနက် (၂) လုံးမှာ အထူးဒေသ (၁)၊ အမှတ် (၂) ပြည်သူ့ဆေးရုံနှင့် ဘေးရှိ အဆောက်အအုံများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် (၂) လုံးမှာ Fully Light ဟိုတယ်အနီးရှိ အရပ်သားနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့ပါသည်။ ထို့နောက် ဩဂုတ်လ (၂) ရက်နေ့၊ နံနက် (၀၁း၃၀) နာရီအချိန်ခန့်တွင်လည်း အကြမ်းဖက်စစ်ကောင်စီသည် ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက်နယ်၊ ရိုးယွမ်ကျည်ရွာသို့ ဗုံးသီး (၁၇) လုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထူးဒေသ (၁)၊ အမှတ် (၂) ပြည်သူ့ဆေးရုံ၏ လုံခြုံရေးဝန်ထမ်း (၁) ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဆေးရုံတက်နေသော လူနာ (၂) ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကာ အသေးစားဒဏ်ရာရရှိသူများလည်း အမြောက်အမြားရှိခဲ့ပါသည်။ ထို့ပြင် အရပ်သားနေအိမ်များ၊ ဟိုတယ်များနှင့် မော်တော်ကားများလည်း ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
၂။ အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင်လ (၁၀) ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်း၊ ထနောင်ကုန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနာများကို ဆေးကုသမှုပေးနေသည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ထားသူ သားဖွားဆရာမ (၁) ဦး၊ လူနာနှင့် PDF ရဲဘော် (၆) ဦး၊ စုစုပေါင်း (၇) ဦး ကျဆုံးခဲ့ပါသည်။ ထို့ပြင် ပြည်သူ (၇) ဦးနှင့် PDF ရဲဘော် (၉) ဦး၊ စုစုပေါင်း (၁၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံမှာလည်း များစွာထိခိုက်ပျက်စီးခဲ့ပါသည်။ သားဖွားဆရာမ၏ တစ်နှစ်ခွဲအရွယ် ကလေးငယ်မှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
၃။ အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင်လ (၁၅) ရက်နေ့ကလည်း ရက္ခိုင်ပြည်၊ သံတွဲမြို့အတွင်းရှိ ခရိုင်ပြည်သူ့ဆေးရုံကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောင်များ ပျက်စီးထိခိုက်မှု များပြားခဲ့ကြောင်း သိရှိရပါသည်။
၄။ အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
၆။ ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တော်လှန်ရေးရဲဘော်များအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။ လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းသည်။
၇။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။
၈။ ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
National Unity Government