၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ တာဝန်ရှိသူ များ၊ ဖိတ်ကြားခံရသော ဧည့်သည်တော်များ၊ ပြည်တွင်းပြည်ပရှိ ပြည်သူများနဲ့ ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားတဲ့ ကမ္ဘာတစ်ဝန်းလုံးက ပြည်သူလူထုတစ်ရပ်လုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၂၀၂၅ ခုနှစ်၊ “နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား” မှာ မိန့်ခွန်း ပြောကြားခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီနေ့ဟာ ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေကို အမှတ်ရဖို့၊ ဒီမိုကရေစီအတွက် ကြိုးပမ်းသူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုဖို့နဲ့ မပြီးဆုံးသေးတဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီခရီးလမ်းအတွက် စုစည်းညီညွတ်စွာ အားထုတ်ကြဖို့ အရေးကြီးတဲ့နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဒီမိုကရေစီဆိုတာ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ အိပ်မက် တစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ ကျော်က ဂရိနိုင်ငံကနေ စတင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေဟာ ရာစုနှစ်ပေါင်းများစွာ ကြိုးစားပမ်းစား တိုက်ပွဲဝင်ခဲ့ကြပြီးမှ ပြည်သူတွေအတွက် တန်းတူညီမျှမှုတွေ၊ လူ့အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်မယ့် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ တည်ထောင် နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်လည်း ဒီမိုကရေစီကို လိုချင်တပ်မက်ခဲ့တဲ့ သမိုင်းကြောင်းက ရှည်လျားခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးစက စတင်ခဲ့တဲ့ ပါလီမန် ဒီမိုကရေစီခေတ်ဟာ တိုတောင်းခဲ့ပေမဲ့ ဒီမိုကရေစီရဲ့ အရသာကို ကျွန်တော်တို့ ပြည်သူတွေ ခံစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင်စနစ်ရဲ့ အုပ်စိုးမှုအောက် ရောက်ရှိခဲ့ရပြီး ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ်။
ဒီလိုနဲ့ ရာစုနှစ်ရဲ့ သမိုင်းဖြစ်တဲ့ “၈၈၈၈ အရေးတော်ပုံကြီး” ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအချိန်က ပြည်သူတွေဟာ အသက်၊ သွေး၊ ချွေးတွေကို ရင်းပြီး ဒီမိုကရေစီအတွက် တောင်းဆို ခဲ့ကြပါတယ်။ အဲဒီလို ပေးဆပ်မှုတွေကြောင့် ၂၀၁၂ နောက်ပိုင်းမှာ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီစနစ်ကို စတင်အသက်သွင်းနိုင်ခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ ပြည်သူတွေရဲ့ ဆန္ဒကို အတိုင်းအတာတစ်ခုအထိ ဖော်ဆောင်နိုင်ခဲ့ပါတယ်။
သို့သော်လည်း ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ပြည့်ဝစွာ မခံစားရခင်မှာပဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်အာဏာရှင်အုပ်စုဟာ ပြည်သူ့အာဏာကို မတရားလုယူပြီး ပြည်သူတွေရဲ့ ဒီမိုကရေစီ အိပ်မက်တွေကို ဖျက်ဆီးပစ်ခဲ့တာကြောင့် အခုဆိုရင် နွေဦးတော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲနေရတာ ၅ နှစ်တာနီးပါးကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာတော့ မတူညီတဲ့ နောက်ခံရှိကြတဲ့ အဖွဲ့အစည်းအသီးသီးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ဆိုတဲ့ တူညီတဲ့ စိတ်ဓာတ်တစ်ခုတည်းနဲ့ အားလုံး စုပေါင်းညီညွတ်စွာ တော်လှန်နေခဲ့ ကြတာဖြစ်ပါတယ်။ ဒီပြည်သူ့နွေဦးတော်လှန်ရေးဟာ အာဏာရှင်ကို ဆန့်ကျင်တဲ့လှုပ်ရှားမှု တစ်ခုသာမကဘဲ၊ ပြည်သူလူထုရဲ့ အခွင့်အရေးနဲ့ ဆန္ဒကို တန်ဖိုးထားတဲ့ စစ်မှန်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု” တစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်တဲ့ တော်လှန်ရေး တစ်ခုလည်း ဖြစ်ပါတယ်။
ဒီလို ဒီမိုကရေစီအတွက် အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်နေကြချိန်မှာ အကြမ်းဖက် စစ်အုပ်စုဟာ သူတို့ လုယူထားတဲ့ တရားမဝင်အာဏာကို ဆက်လက်ထိန်းသိမ်းဖို့အတွက် “အတုအယောင်ရွေးကောက်ပွဲ” တစ်ခုကို ကျင်းပဖို့ ကြိုးပမ်းနေပါတယ်။ ဒီမိုကရေစီအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်လာကြတဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီမိုကရေစီရဲ့ စံနှုန်းတစ်ခုဖြစ်တဲ့ တရားမျှတမှုရှိတဲ့၊ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေကို အင်မတန် တန်ဖိုးထားကြပါတယ်။ အခု စစ်အုပ်စုကျင်းပဖို့ ကြံရွယ်နေတဲ့ ရွေးကောက်ပွဲကတော့ ၂၀၂၀ တုန်းက မဲပေးခဲ့ကြတဲ့ ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုပြီး သူတို့ကျင်းပဖို့ အခွင့်အာဏာမရှိတဲ့ ရွေးကောက်ပွဲတစ်ခုကို မတရားတဲ့နည်းလမ်းနဲ့ ကျင်းပဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးမှုတွေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေချိန်မှာ သေနတ်ထောက်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခု ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတွက် နယ်မြေတွေပြန်လည်သိမ်းပိုက်ဖို့ လိုအပ် နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲတွေမှာ အင်အားချည့်နဲ့နေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် လုပ်ဆောင်နေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ပိုမိုလုပ်ဆောင်နေပါတယ်။ စစ်ကောင်စီဟာ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်” စတဲ့ ဒီမိုကရေစီရဲ့ ပင်မအုတ်မြစ်တွေကို ဖျက်ဆီးခဲ့ပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို အကြီးအကျယ် ချိုးဖောက်နေပါတယ်။ ဒီအပြင် ပြည်သူ့အာဏာ လုယုထားခြင်းက “ဥပဒေအထက်မှာ မည်သူမှ မရှိစေရ” ဆိုတဲ့ ဒီမိုကရေစီအနှစ်သာရကိုလည်း ခြေဖဝါးအောက်မှာ ထိုးချနင်းချေလိုက်တာ ပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အချို့သော အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်းနိုင်ငံအချို့ဟာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အားပေးထောက်ခံမှုအချိုကို မသိမသာရော သိသိသာသာပါ လုပ်လာတာ တွေ့ရပါတယ်။ အဲ့လို ထောက်ခံတဲ့ နိုင်ငံကြီးတွေကို ဒီနေ့ အခမ်းအနား ကတစ်ဆင့် ကျွန်တော်တို့ရဲ့ ပြတ်သားတဲ့ သဘောထားကို သတင်းစကားပါးလိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုကပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းဟာ မြန်မာပြည်သူတွေ အပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးကူညီနေခြင်းသာဖြစ်ပါတယ်။ အဲဒီလို ရွေးကောက်ပွဲကို ထောက်ခံတဲ့ လုပ်ရပ်တိုင်းဟာ မြန်မာပြည်သူတွေ သတ်ဖြတ်ခံရခြင်းကို မျက်ကွယ်ပြုခြင်းဖြစ်ပြီး ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေကို ချေမှုန်းဖျက်ဆီးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံတကာဒီမိုကရေစီနေ့မှာ ကျွန်တော်တို့ဟာ ကမ္ဘာ့အသိုင်းအဝိုင်းကို ပန်ကြား လိုပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်နေကြတဲ့ နိုင်ငံတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေမှုကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေအတွက် အင်မတန်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပိတ်ဆို့နေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကိုလည်း ကမ္ဘာ့အဖွဲ့အစည်းတွေအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့၊ ဒီမိုကရေစီကို လေးစားမှုမရှိတဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ ပြည်သူ့အာဏာကို ခိုးယူဖို့ နောက်ဆုံးကြိုးပမ်းမှုဖြစ်ပြီး ကျွန်တော်တို့ရဲ့ တော်လှန်ရေးရည်မှန်းချက် တွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးအနေနဲ့ ဒီမိုကရေစီ အရေးအတွက် ဆက်လက်ရပ်တည်ပေးကြဖို့၊ စစ်အုပ်စုရဲ့ လှည့်ဖြားမှုတွေကို သတိထားကြဖို့နဲ့ ဒီရွေးကောက်ပွဲကို အားလုံးကနေ ပူးပေါင်းပြီး ဆန့်ကျင်ကြဖို့ ဒီနေရာကနေ တိုက်တွန်းပြောကြား လိုပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း တော်လှန်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး အကောင်းဆုံးကြိုုးစားတိုက်ပွဲဝင်သွားမယ် ဆိုတာကိုလည်း အလေးအနက် ပြောကြားလိုပါတယ်။
ဒီအခမ်းအနားကို စီစဉ်ကျင်းပပေးတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ CRPH အနေနဲ့ လက်ရှိတော်လှန်ရေးအတွက်ရော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက်ရော တတ်စွမ်းနိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေမှုများလည်း လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီအတွက် အသက်၊ သွေး၊ ချွေးတွေကို ခေတ်အဆက်ဆက်မှာ ပေးဆပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုပေးဆပ်မှုတွေဟာ အလဟဿ မဖြစ်စေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီမိုကရေစီ ခရီးလမ်းက ခက်ခဲကြမ်းတမ်းပေမယ့် အဆုံးမှာတော့ ဒီမိုကရေစီဟာ အကြမ်းဖက်စစ်အာဏာရှင်ကို အနိုင်ယူလိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ မဆုတ်မနစ်သော ပါဝင်အားထုတ်မှုတွေကြောင့် တော်လှန်ရေးအောင်ပွဲနဲ့အတူ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ပေါ်ထွန်းလာမယ့်နေ့ဟာ မကြာခင်မှာ ရောက်ရှိလာမယ်လို့ နက်နက်ရှိုင်းရှိုင်း ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။