ရက်စွဲ၊ ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ရက်
၁။ ယနေ့ (၂၈-၃-၂၀၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်းသော ငလျင်လှုပ်ခတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများရှိခဲ့ပါသည်။ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ် ခန့်အကြာ စစ်ကိုင်းမြို့တောင်ဖက် ၁၈ကီလိုမီတာခန့်အကွာ အင်းဝဒေသ တံတားဦးလေဆိပ်အနီး တွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အတော်အသင့်အင်အားပြင်းသည့်ငလျင် နောက်ထပ်တကြိမ် ထပ်မံ လှုပ်ခတ်ခဲ့ပါသည်။
၂။ ယင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဓိကအားဖြင့် မန္တလေး၊ အင်းဝ၊ အမရပူရ၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်ရှိ သက်တမ်းရှည်ကြာပြီး အထင်ကရရှိသော ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ၊ ရှေးဟောင်းဗုဒ္ဓဘာသာ စေတီ ၊ပုထိုး ၊ဘုန်းကြီးကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ သဘာဝအမွေအနှစ်များနှင့် မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် နေပြည်တော်ရှိ သက်တမ်းရာချီရှိသော ဗလီများအပါအဝင် ဘာသာရေးကျောင်းများ ယခုအချိန်အထိ စုစုပေါင်း ၄၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကောက်ယူသိရှိရပါသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကဲ့သို့ ငလျင်သက်ရောက်ဒေသများတွင် မိမိတို့နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးရခြင်းများကို လည်းမြင်တွေ့သိရှိရပါသည်။
၃။ ငလျင်လှုပ်ပါက ထိခိုက်လွယ်အမျိုးအစားတွင်ပါဝင်သော ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးရလေ့ရှိသော်လည်း ယခုအကြိမ်ပျက်စီးဆုံးရှုံးမှုသည် အမွေအနှစ်ချစ်မြတ်နိုးသူတို့ အတွက်၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းအတွက်၊ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ချစ်ကြည်ရေး ထောက်ကူမှုများ အတွက် ကြီးစွာသော ဆုံးရှုံးမှုဖြစ်ပါသည်။ ထို့ပြင် နိုင်ငံသမိုင်းနှင့် ယဉ်ကျေးမှု တန်ဖိုးများကို သေချာစွာ ကိုယ်စားပြုနေ သည့် သက်သေများစွာ ပျောက်ကွယ်သွားခြင်း လည်းဖြစ်သည်။
၄။ မိမိတို့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့အနေဖြင့် ပျက်စီးသွားသော အမွေအနှစ်များအားလုံးအတွက် များစွာ နှမြောဝမ်းနည်းပါကြောင်း၊ အစ္စလန်ဘာသာဝင်တို့၏ ဆုံးရှုံးမှုများနှင့် နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပျက်စီးခြင်းအပေါ် လွန်စွာ စာနာ ကြေကွဲပါကြောင်း၊ ပျက်စီးသွားသောအမွေအနှစ်များ နိုင်ငံတကာထုံးတမ်းများနှင့်အညီ ပြည်လည်ထူထောင်ရေးအတွက် ရရှိနိုင်သမျှသောနည်းလမ်းများနှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကတိပြုအပ်ပါသည်။
အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့
အမျိုးသား ညီညွတ်ရေးအစိုးရ