အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်သည့် အရေးပေါ်ထုတ်ပြန်ကြေညာချက်

၂၀၂၅ခုနှစ်၊ မတ်လ (၂၈)ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်းသော ငလျင် (ငလျင် အတန်းအစားအရ – ငလျင်ကြီး Major Earthquake) လှုပ်ခတ်ခဲ့ပါသည်။ အဆိုပါငလျင်သည် အနက် ၁၀ ကီလိုမီတာ တွင်ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ဇောက်တိမ် အမျိုးအစားငလျင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများရှိခဲ့ပါသည်။ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ စစ်ကိုင်းမြို့တောင်ဖက် ၁၈ကီလိုမီတာခန့်အကွာ အင်းဝဒေသ တံတားဦးလေဆိပ်အနီး တွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အတော်အသင့်အင်အားပြင်းသည့်ငလျင် နောက်ထပ်တကြိမ် ထပ်မံလှုပ်ခတ်ခဲ့ပါသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် အနီးတဝိုက်မြို့များတွင် သာသနိက အဆောက်အဦ၊ အမွေအနှစ် အဆောက်အဦ များအပါအဝင် အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ မြေပြိုခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်လှုပ်ခတ်ပြီးပြီးချင်း အရေးပေါ် အစည်းအဝေးခေါ်ယူကာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းစဉ်များကို စတင်သက်ဝင်စေပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သော လုပ်ငန်းဆောင်တာများကို ဌာနအလိုက် အလျင်အမြန် လုပ်ဆောင်ကြရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ငလျင်ဒဏ်ကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ပျက်စီးဆုံးရှုံးမှုများ စာရင်းကို ကောက်ယူစုဆောင်းခြင်း၊ မိမိတို့၏ စိုးမိုးထိမ်းချုပ် နယ်မြေများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ အခြားငလျင်ဒဏ် ခံဒေသများရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့်လည်း အချင်းချင်း စာနာဖေးမကာ အပြန်အလှန် ကူညီစောင့်ရှောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘာဝဘေးဒဏ်ဖြစ်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးကြရသည့် ပြည်သူတဦးချင်းစီတိုင်းနှင့် မိသားစုများနှင့်ထပ်တူ လွန်စွာ စိတ်ထိခိုက်ရပါကြောင်းနှင့် ပြန်လည် ထူထောင်ရေးကိစ္စရပ်များတွင် ပြည်သူလူထုနှင့်အတူတကွ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အလေးအနက်ဖော်ပြလိုသည်။ ထို့အပြင် ထိုင်းနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ဆောက်လက်စအဆောက်အဦ ပြိုကျပျက်စီးကာ မြန်မာအလုပ်သမားများအပါအဝင် ဆောက်လုပ်ရေးလုပ်သားများ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရကြသည်ဟု ကြားသိရ၍လည်း များစွာ စိတ်ထိခိုက်ရကြောင်း ဖော်ပြလိုပါသည်။ ဘာသာရေးအဆောက်အဦများ ထိခိုက်ခံရမှုသည်လည်း နိုင်ငံ၏ အမွေအနှစ်များ ထိခိုက်ခြင်းဖြစ်၍ အထူးဝမ်းနည်းဖွယ်ဖြစ်ပါသည်။ နိုင်ငံတကာတိုင်းပြည်များနှင့် အဖွဲ့အစည်း များအနေဖြင့်လည်း ငလျင်ဒဏ်ခံစားကြရသော မြန်မာပြည်သူလူထုအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးပို့ ကူညီကြရန် တိုက်တွန်းဖိတ်ခေါ်ကြောင်း နှင့် ထိုသို့ ကူညီရာတွင် အမှန်တကယ်လိုအပ်နေသည့် ပြည်သူလူထုထံ အသေအချာ ရောက်ရှိစေမည့် နည်းလမ်းများကို ရှာဖွေချိတ်ဆက် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။
ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သော အဆောက်အအုံ အက်ကြောင်းများ၊ မြေလွှာအက်ကြောင်းများကြောင့် ဆက်လက်ပြိုကျနိုင်ခြင်း၊ တာတမံများ ကျိုးပြတ်နိုင်ခြင်း၊ တံတားများ ပြိုကျနိုင်ခြင်း တို့လည်း နောက်ဆက်တွဲ ငလျင်များ နှင့် အတူ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် အထူး သတိပြုစစ်ဆေး၊ နေထိုင်ကြရန် လိုအပ်ပါသည်။ အထူးသဖြင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များကို လေ့လာဆည်းပူးထားပြီး အသက်အန္တရာယ်မထိခိုက်စေရေးနှင့် ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားကြရန် နှိုးဆော်အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top