အမျိုးသားညီညွတ်ရေးအစိုးရက (၈၀) နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်
ယနေ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့သည့် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ကျူးကျော် နယ်ချဲ့ဖက်ဆစ်ဝါဒီများအား မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားပြည်သူများအားလုံး၏ သွေး စည်းညီညွတ်မှုဖြင့် မြန်မာ့မြေပေါ်မှ အမြစ်ပြတ် တော်လှန်တိုက်ထုတ်ရန် စတင်ခဲ့သည့် (၈၀) နှစ်ပြည့်မြောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့ နေ့ထူးနေ့မြတ် အခါသမယဖြစ်ပါသည်။
အတိတ်သမိုင်းတွင် မြန်မာပြည်သူလူထုတရပ်လုံး၏ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာ ပိုင်စိုးခွင့်တို့ကို လက်နက်အားကိုးအနိုင်ကျင့်ကာ နယ်မြေချဲ့ထွင်သိမ်းပိုက်ခဲ့ကြသော နယ်ချဲ့ဖက်ဆစ် တပ်များ၏ အဓမ္မဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုများကို နယ်မြေဒေသအသီးသီးမှ တိုင်းရင်းသားပြည်သူ များသည် နယ်မြေအလိုက် သီးခြားစီ တော်လှန်တိုက်ခိုက်ခဲ့ကြရာမှ နောက်ပိုင်းတွင် စုစည်းညီညွတ် မှုအားဖြင့် ပူးပေါင်းတော်လှန် တိုက်ခိုက်မှသာ နယ်ချဲ့တို့ကို အပြီးတိုင် မြန်မာ့မြေပေါ်မှ မောင်းထုတ် နိုင်မည်ကို သတိပြုမိလာခဲ့ကြပြီး တိုင်းရင်းသားလူမျိုးစုများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အ လှန်ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့ ခိုင်မာစွာတည်‌ဆောက်၍ လက်တွဲညီညီ တွန်းလှန်တိုက် ခိုက်ခဲ့မှုကြောင့် ဖက်ဆစ်နယ်ချဲ့ကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ယခုအချိန်တွင် တိုင်းရင်းသားပြည်သူလူထု၏ အခွန်ဘဏ္ဍာ ချွေးနည်းစာဖြင့် တည်ဆောက် ထားသည့် နိုင်ငံတော်ကာကွယ်ရေးယန္တရားသည် ကိုယ်ကျိုးအတ္တဖက်ပြီး ညံ့ဖျင်းသည့် အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မအာဏာလုယူခဲ့မှုကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ရမည့် စစ်တပ်အဖြစ်မှ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုခြိမ်းခြောက် ဖျက်ဆီးနေ သည့် ဖက်ဆစ်စစ်တပ်အသွင်သို့ ကူးပြောင်းလာခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူလူထုတရပ် လုံးက နေရာအနှံ့ တော်လှန်တိုက်ခိုက်နေကြရာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလ ဟူ၍ပင် ရည်ညွှန်းရပေမည်။
ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပ ဖက်ဆစ်မိစ္ဆာများကို ရရာနည်းလမ်းဖြင့် တော်လှန် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးဖြစ်စဉ်များအတွင်း အသက်၊ သွေး၊ ချွေးစတေး၍ ပေးဆပ်ခဲ့ကြ သည့် တိုင်းရင်းသား ပြည်သူများအားလုံး၏ စွန့်လွှတ်အနစ်နာခံမှုနှင့် တော်လှန်ရေးသစ္စာအဓိဋ္ဌာန်ကို ကျွန်ုပ်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစဉ်အမြဲ အောက်မေ့သတိရ လေးစားဦးညွှတ်ပါ ကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်။
ကျွန်ုပ်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အတိတ်သမိုင်းကာလများ၌ တိုင်းရင်းသား ပြည်သူများအားလုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိမှတ်ပြုမှုတို့ဖြင့် အောင်ပွဲကို ဆွတ်ခူးနိုင်သကဲ့သို့ ယခုခေတ်သစ်ဖက်ဆစ်မိစ္ဆာ အကြမ်းဖက်စစ်အုပ်စုအား တိုက်ခိုက် နေကြသည့် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း တိုင်းရင်းသားပြည်သူများအားလုံး အကြား ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မကြာမီကာလတွင် ပြည်သူများအားလုံး အတွက် အောင်ပွဲများဆွတ်ခူးနိုင်ပြီး အသစ်ပြန်လည်တည်ဆောက်မည့် ဖက်ဒရယ်တပ်မတော်ကို ဖက်ဆစ်သန္ဓေဆိုးကင်းစင်၍ ပြည်သူကို အလေးထားကာကွယ်ပေးသော ပြည်သူ့တပ်မတော် တစ်ရပ်အဖြစ် ထူထောင်နိုင်ရန် မျှော်မှန်းဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top