အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခံစားနေရသော အလုပ်သမားများအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ မတ် လ ၂၈ ရက်
၁။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့ပါသည်။ အဆိုပါ ငလျင် သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများ ရှိခဲ့ပါသည်။ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ စစ်ကိုင်းမြို့၏ တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝဒေသ၊ တံတားဦးလေဆိပ်အနီးတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အသင့်အတင့် အင်အားပြင်းသည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်။
၂။ အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားရှိ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ အိုးအိမ်အဆောက်အဦများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်ဆီးဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ကာ များစွာထိခိုက်ခံစားနေကြရပြီး စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းခွင်အသီးသီးမှ လုပ်သားများနှင့် ယင်းတို့၏ မှီခိုသူမိသားစုများအပေါ်တွင်လည်း ကြီးစွာ သော သက်ရောက်မှု ဖြစ်စေပါသည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အဦတစ်ခု ပြိုကျမှု အပါအဝင် လုပ်ငန်းခွင်အသီးသီးမှ အလုပ်သမားအများအပြား ထိခိုက်ဒဏ်ရာ ရရှိမှု၊ အဆောက်အဦတွင်း ပိတ်မိနေမှုများ ရှိကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ငလျင်ဒဏ်ကြောင့် ပြည်တွင်း၊ ပြည်ပ၌ ထိခိုက်မှုများအပေါ် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် လွန်စွာဝမ်းနည်းရပါသည်။
၃။ ပြည်တွင်းရှိ ပြည်သူများနှင့် ပြည်ပရောက် နိုင်ငံသား၊ ရွှေ့ပြောင်းအလုပ်သမားများ ထိခိုက် ခံစားနေရချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် တအောင်း ဒေသ (ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာ)ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူအပေါ် စာနာစိတ်ကင်းစွာ ရက်စက်ကြမ်းကြုတ်လျက်ရှိပါသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသော ပြည်တွင်းရှိ ပြည်သူများနှင့် ပြည်ပရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် တတ်နိုင်သည့်ဘက်မှ ချိတ်ဆက်မှုနှင့် ပံ့ပိုးကူညီမှုများ၊ အသက်ဆုံးရှုံးမှုနှင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ရသင့်ရထိုက်သော နစ်နာမှုလျော်ကြေးနှင့် ဥပဒေပါအကျိုးခံစား ခွင့်များ ရရှိရေး၊ ပြန်လည်ကုစားရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်သမား များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း အချင်းချင်း အပြန်အလှန် ဖေးမကူညီပေး ကြပါရန် တိုက်တွန်းအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top