Permanent Secretary of the Ministry of Home Affairs and Immigration visits earthquake-affected areas to provide assistance

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ငလျင်ဘေးဒဏ်သင့် နယ်မြေသို့ သွားရောက်ကူညီဆောင်ရွက်
Permanent Secretary of the Ministry of Home Affairs and Immigration visits earthquake-affected areas to provide assistance
ဧပြီလ ၅ ရက် ၊ ၂၀၂၅ ခုနှစ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းသည် ၃.၄.၂၀၂၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်​ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းမြို့နယ်သို့ သွားရောက်ခဲ့သည်။ ယင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုလဲသွားသည့် နေအိမ်အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦးများ၊ လမ်းများ၊ တံတားများသို့ လိုက်လံကြည့်ရှုပြီးနောက် ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး အားပေးနှစ်သိမ့်မှု ပြုလုပ်ခဲ့ပါသည်။
ငလျင်ဘေးဒဏ်သင့် ရပ်ရွာပြည်သူအချို့၏ ပြောပြချက်အရ လက်တလော အရေးတကြီးလိုအပ်ချက်များမှာ_
၁။ သောက်သုံးရေ ရရှိရေး
၂။ ယာယီနေထိုင်စရာ ရရှိရေး
၃။ အခြေခံစားသောက်ကုန် ဝယ်ယူရရှိရန် ခက်ခဲနေမှု
၄။ ဓာတ်ဆီ/ဒီဇယ်ဆီ အခက်အခဲ
၅။ ဆေးဝါး မလုံလောက်မှုတို့ ဖြစ်ပါသည်။
အတွင်းဝန်သည် ငလျင်ဘေးဒဏ်သင့် ဆေးဝါးကုသမှုခံနေရသော ပြည်သူအချို့ နှင့် ဆရာတော်တစ်ပါးအား တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးခဲ့ပါသည်။
ထို့နောက် ညနေပိုင်းတွင် ပျက်စီးသွားသော လမ်းမကြီးအား ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကာယင်းလမ်းမကြီးအား လက်တလော အဆင်ပြေစေရေးရည်ရွယ်၍ ကနဦးပြင်ဆင်သည်မှာ ၆၀ ရာနှုန်းကျော် ပြီးစီးသည်ကို တွေ့ခဲ့ရပြီး မကြာမှီရက်ပိုင်းအတွင်း ပြန်လည် အသုံးပြုသွားလာနိုင်လိမ့်မည်ဖြစ်ပါသည်။
ညပိုင်းတွင် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်‌
ရေးအဖွဲ့အနေဖြင့် ငလျင်လှုပ်ခတ်ပြီးသည်နှင့်၂၄ နာရီအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သည့်အကြောင်း၊ လုပ်ငန်းကော်မတီတစ်ခုဖွဲ့ထားပြီး မြေပြင်နှစ်ဖွဲ့ခွဲ၍ကွင်းဆင်းကူညီမှုများ ပြုလုပ်နေကြောင်း၊ ပြည်သူလူထုထံမှ အလှူငွေ သိန်းပေါင်း ၁၇၀၀ ကျော်ရရှိထားကြောင်း၊ ယနေ့ထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် သုံးစွဲငွေ သိန်း ၁၀၀၀၀ ကျော်နေပြီဖြစ်ကြောင်း ဆွေးနွေးတင်ပြကြပါသည်။
၎င်းတို့ အဓိက ကူညီဆောင်ရွက်နေသည့် ကဏ္ဍများမှာ_
၁။ စိုးမိုးနယ်မြေအတွင်း သေဆုံး နှင့် ထိခိုက်ဒဏ်ရာရသူများအား ကူညီထောက်ပံ့ခြင်း
၂။ စိုးမိုးနယ်မြေအတွင်း ပျက်စီးဆုံးရှုံးသူများအား ကူညီထောက်ပံ့ခြင်း
၃။ စကစ ထိန်းချုပ်နယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့်သူများအား တတ်အားသရွေ့ ကူညီပေးခြင်း
၄။ သောက်သုံးရေး ရရှိအောင် ကြိုးပမ်းနေခြင်း
၅။ ဆေးဝါးကုသမှုများ ပေးခြင်း
၆။ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးခြင်း
၇။ အလှူငွေများ စုဆောင်းခြင်း
၈။ ငလျင်ဘေးဒဏ်သင့် မှတ်တမ်းမှတ်ရာများ စာရင်းပြုလုပ်တင်ပြခြင်း
တို့ဖြစ်ကြပါသည်။
သောက်သုံးရေ ရရှိရေးအတွက် မြစ်ရေတင်စီမံချက်ချ၍ လုပ်ဆောင်နေကြပြီး၊ လက်တလော​ ရေသန့်စက်တစ်လုံး စီစဥ်၍ လိုက်လံဖြန့်ဝေ ဆောင်ရွကနေကြသည်ကိုလည်း တွေ့ခဲ့ရပါသည်။
အတွင်းဝန်အနေဖြင့် အစိုးရက ငလျင်ဘေးဒဏ်သင့်သူများအတွက် ထောက်ပံ့ဆောင်ရွက်ပေးနေခြင်းများ၊ နိုင်ငံတကာ ကူညီပေးမှုများ ရရှိအောင် ကြိုးပမ်းမှုများ၊ နိုင်ငံတကာမှ ပေးအပ်သည့် ကူညီကယ်ဆယ်ရေး အထောက်အပံ့ပြုပစ္စည်းများ သယ်ယူနိုင်ရေး၊ ငွေကြေးသုံးစွဲမှုများကို စနစ်တကျ ထားပြီး ပွင့်လင်းမြင်သာမှုရှိရှိ စီမံ ဆောင်ရွက်ကြနိုင်ရေး၊ ပြည်သူများနှင့်တွေ့ဆုံ ရရှိထားသည့် လက်တလောလိုအပ်ချက် (၅) ရပ်ကို အဓိကဦးစားပေးဆောင်ရွက်ကြရေး စသဖြင့် ပြန်လည်လမ်းညွှန်ဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းမြို့နယ်အတွင်း အမျိုသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေဧရိယာတွင်_
၁။ စုစုပေါင်း အိမ်ထောင်စု (၅၇၃၅) စု
၂။ စုစုပေါင်း ငလျင်ဘေးဒဏ်သင့်ဦးရေ (၂၅၂၉၆) ဦး
၃။ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ (၄၇) ဦး၊
၂။ ထိခိုက်ဒဏ်ရာရသူ (၅၅)ဦး….
၃။ ပြိုကျသည့် လူနေအိမ် (၂၄၂) လုံး
၄။ ပျက်စီးသည့် လူနေအိမ် (၁၅၅၇) လုံး
၅။ နိုင်ငံတော်အမွေအနှစ် အဆောက်အဦးများ ပျက်စီးမှု (၃၈၇) ခု
ရှိကြောင်း ၂.၄.၂၀၂၅ ရက်နေ့အထိ ရွာပေါင်း (၄၉) ရွာကို ကောက်ခံရရှိမှုအရ သိရှိရပါသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်ပေါင်း (၁၈) ရပ်ကွက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ_
၁။ သေဆုံးသူ (၆၁၁) ဦး
၂။ ထိခိုက်ဒဏ်ရာရသူ (၅၀၀) ဦး
၃။ အဆောက်အဦးပျက်စီးမှု (၃၅၀၀) ကျော် ရှိကြောင်း (၂.၅.၂၀၂၅)ရက်နေ့ စာရင်းအရ သိရှိရပါသည်။
ဤခရီးစဥ်တွင် အမြဲတမ်းအတွင်းဝန်နှင့်အတူ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ
နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
Scroll to Top