မြေပြင်စစ်ရေးတွင် အင်အားချည့်နဲ့နေသည့် အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်တပ်လေထီးများ အသုံးပြု တိုက်ခိုက်ခြင်းစသည့် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပါသည်။
၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု အစီရင်ခံစာအရ အကြမ်းဖက်စစ်တပ်သည် လေယာဥ်ကွင်း (၂၁)ခုကိုအဓိကအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။ ယင်းတို့အနက် တံတားဦးလေတပ်ဆွယ်၊ မိတ္ထီလာလေတပ်စခန်း၊ မကွေးလေတပ်စခန်းနှင့် နေပြည်တော် (ဧလာ)လေတပ်စခန်းတို့ကို အများဆုံး အသုံးပြုတိုက်ခိုက်ကြောင်း တွေ့ရသည်။
အရပ်သားများနေထိုင်ကြသည့် ကျေးရွာများ၊ လူနေအိမ်များ၊ စစ်ရှောင်စခန်းများ၊ စာသင်ကျောင်းနှင့် ဆေးရုံများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ လေကြောင်းပစ်ကူခြင်းကို မနက်နှင့်နေ့လယ် ပိုင်းတွင် အများဆုံးလုပ်ဆောင်ပြီး အရပ်သားပစ်မှတ်များကိုမူ ညသန်းခေါင်နှင့် မနက်ဝေလီဝေလင်း အချိန်များတွင် တိုက်ခိုက်လျက်ရှိသည်။ (Source: EAR and NAS)
လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ကုန်ကျစရိတ်များသည့်အတွက် အကြမ်းဖက်စစ်တပ်သည် ကုန်ကျစရိတ် သက်သာစေနိုင်မည့် ဒရုန်းဖြင့်ဗုံးကြဲခြင်းနှင့် စက်တပ်လေထီးဖြင့်တိုက်ခိုက်ခြင်းတို့ကိုလည်း တိုးချဲ့လုပ်ဆောင်လာသည်။ ယင်းကဲ့သို့တိုက်ခိုက်မှုများကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် အဓိကကြုံတွေ့နေရသည်။
လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်ရန် ပုံတွင်ဖော်ပြထားသည့် အချက်များကို သတိပြုလိုက်နာသင့်ပါသည်။



