၁၄ ဖေဖော်ဝါရီ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံ၊ ပြန်လည်ထူထောင်ရေးစခန်းများသို့ သွားရောက်ပြီး ဆေးကုသမှုခံယူနေကြသူများ၊ ပြန်လည်ထူထောင်ရေး စခန်းတွင် တက်ရောက်နေကြသူများနှင့် တွေ့ဆုံခဲ့ကြပါသည်။
အဆိုပါ ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန်ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ အမှတ်(၂)စစ်ဒေသ၊ စစ်ဒေသခွဲ(၂) စစ်ဒေသမှုး ဦးတင်ဦး၊ အမှတ်(၂) စစ်ဒေသ ဆေးတပ်တာဝန်ခံ Dr YKZ ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့ပြီး ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုပေးအပ်နိုင်မှု အခြေအနေများကို လိုက်လံလေ့လာကာ လိုအပ်သော ထောက်ပို့ကူညီမှုများပြုလုပ်ခဲ့ကြပါသည်။
လူနာများသယ်ယူပို့ဆောင်ရေးအတွက် အရေးတကြီးလိုအပ်လျက်ရှိသော လူနာတင်ယာဉ်များဖြည့်ဆည်းပေးနိုင်ရေး၊ လိုအပ်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ထားနိုင်ရေးတို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

