ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ကွယ်လွန်ခဲ့သည့် ဆုံးရှုံးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) သည် တော်လှန်ရေး တာဝန်များကို ထမ်းဆောင်ရင်း ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရှိခဲ့ရသည့် အတွက် ကြီးစွာသော ဆုံးရှုံးမှုအဖြစ် ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။
ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) သည် ၎င်း၏ ဘဝတလျှောက်လုံးတွင် ကရင်နီပြည်သူ တို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဇွဲမလျှော့ဘဲ တိုက်ပွဲဝင်ခဲ့သူတစ်ဦး ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ကာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည် ထောင်ရန်ဟူသော ကြီးမားသည့် ရည်မှန်းချက်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်၍ တော်လှန်ရေးတာဝန်များ ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ကွယ်လွန်သွားခြင်းသည် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး မိသားစု အတွက်သာမက၊ ဖက်ဒရယ်ပန်းတိုင်ကို မျှော်မှန်းနေသော တော်လှန်ရေးအင်အားစု အားလုံး အတွက်ပါ ကြီးစွာသောဆုံးရှုံးမှု ဖြစ်ပါသည်။ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ကွယ်လွန်သူ ဦးချစ်ထွန်း၏ တော်လှန်ရေးတလျှောက် မဆုတ်မနစ် တာဝန်ထမ်းဆောင်ခဲ့မှုများအတွက် ဂုဏ်ပြုလျက် ဦးချစ်ထွန်းနှင့်တကွ တိုင်းရင်းသားညီအစ်ကို မောင်နှမများ လိုလားအပ်သည့် တရားမျှတ၊ လွတ်လပ်၍ တန်းတူညီမျှသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ပေါက် လာရေးအတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top