ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဗဟိုကော်မတီဝင် ရဲဘော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ၎င်း၏ နိုင်ငံရေးဘဝ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နေစဉ်ကာလ၌ ကွယ်လွန်တိမ်းပါးသွား ခဲ့သည့်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲရပါကြောင်း ဝမ်းနည်းမှတ်တမ်း ရေးထိုး အပ်ပါသည်။
ရဲဘော်ရဲဘက် တော်လှန်ရေးနှင့် နိုင်ငံရေးမိတ်ဆွေကြီး ဦးချစ်ထွန်းသည် ၁၉၉၂ ခုနှစ်၊ ကရင်နီ ပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၏ စစ်ရေး၊ နိုင်ငံရေးနှင့်ဆက်ဆံရေး တာဝန်များ စတင်၍ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့မှစတင်၍ စစ်အာဏာရှင် တော်လှန်ရေးကာလတွင်မူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၏ဒုတိယဝန်ကြီးအဖြစ် အနာဂတ်ပြည်ထောင်စုအတွက် အရေးပါသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် တော်လှန်‌ရေးတာဝန်များကို စွမ်းစွမ်းတမံ ဦးဆောင် တာဝန်ယူ ထမ်းရွက်ခဲ့သူဖြစ်သည်။
တော်လှန်ရေးအင်အားစုအားလုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရန်အတွက် ခေါင်းဆောင်ကောင်းတစ်ဦး၏ အသက်၊ ခွန်အားနှင့် ဉာဏ်ပညာတို့ကို အားပြုအရင်းတည်လျက် စွန့်လွှတ်ရင်း တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်ကောင်းတဦးဖြစ်သူ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ မိသားစုဝင်တဦးဖြစ်သည့် ဦးချစ်ထွန်းအတွက် ရပ်တည်ချက်နှင့် ယုံကြည်ချက်အပေါ် တစိုက်မတ်မတ် ပေးဆပ်ဆောင်ရွက်ခဲ့သည့် အချိန်များ အတွက် လေးမြတ်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပြီး တော်လှန်ရေးမှတ်တမ်းတွင် ထာဝရ မော်ကွန်းတင် အသိအမှတ်ပြုပါသည်။
တော်လှန်ရေးမိတ်ဆွေကြီး၏ ဆောလျင်စွာ ချန်ရစ်ခဲ့သော မပြီးဆုံးသေးသည့် တော်လှန်ရေး နှင့် တည်ဆောက်ရေးလုပ်ငန်းစဉ် အနာဂတ်ကာလအတွက် ကျွန်ုပ်တို့သည် ဝမ်းနည်းခြင်းမှ သည် ပြည်ထောင်စု၏ပန်းတိုင်ရောက်သည့်တိုင်၊ ကျွန်ုပ်တို့ မျှော်ရည်သည့် ပြည်နယ်အားပြု ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ ဆက်လက်အားထုတ် ကြိုးပမ်းဆောင်ရွက်သွားကြ မည်ဟု တော်လှန်ကတိ၊ တော်လှန်သစ္စာ ပြုအပ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမိသားစု
Scroll to Top