အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သော (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာ

(၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၄ ရက်)
ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်၊ ခရစ် သက္ကရာဇ် (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်တွင် ကျရောက်သည့် (၁၀၅) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခမ်းအနားတွင် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံ၍ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
၁၈၈၅ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် တိုင်းတပါးကျူး‌ကျော်မှုခံရပြီး အချုပ်အခြာအာဏာဆုံးရှုံး၍ နယ်ချဲ့အစိုးရ၏ လက်အောက်ခံကိုလိုနီအဖြစ်သို့ ကျရောက်သွားခဲ့ ပါသည်။ ကိုလိုနီနယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေးကို ရှေးရှုပြီး အမျိုးသား တော်လှန်ရေးကြီး ဆင်နွှဲခဲ့ကြရာ မြန်မာသက္ကရာဇ် (၁၂၈၂) ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးများသည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ပထမဆုံးသပိတ်တိုက်ပွဲဆင်နွှဲသည့်နေ့ကို အမှတ်သညာပြုပြီး အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် နောက်ပိုင်း အမျိုးသားနေ့အောင်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်ပြီး မြန်မာတနိုင်ငံလုံး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးဆင်နွှဲခဲ့ကြသည့် တော်လှန်ရေး စိတ်ဓာတ် နိုးကြားစေခဲ့သော နေ့ရက်လည်း ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် အတိတ်သမိုင်းကို ပြန်လည် ထောက်ရှုရလျှင် တိုင်းတပါး၏ကျူးကျော်ကျွန်ပြုခြင်းကို ခေါင်းငုံ့မခံဘဲ မိမိနိုင်ငံကို ချစ်မြတ်နိုး သည့် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်စွာဖြင့် လူထုကို စည်းရုံးဆော်ဩခြင်း၊ ကိုလိုနီနယ်ချဲ့ များကို သပိတ်လက်နက်ကိုင်စွဲပြီး ဆန့်ကျင်မှုများမှတစ်ဆင့် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး တောင်တန်းမြေပြန့် စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ရေးကို အရယူအောင်ပွဲဆင်နိုင်ခဲ့သည့် လွတ်လပ်ရေးသမိုင်းသည်လည်း ထင်ရှားပြီးဖြစ်ပါသည်။ ယနေ့ခေတ်တွင်လည်း တိုင်းရင်းသား ပြည်သူလူထုအပေါ်တွင် မတရား အာဏာဖြင့် ဖိနှိပ်သတ်ဖြတ်နေသည့် စစ်အာဏာရှင်စနစ်ဆိုးကို တောင်တန်းမြေပြန့် တိုင်းရင်းသားပေါင်းစုံနှင့် မြန်မာပြည်သူလူထု တရပ်လုံးက ရရာနည်းလမ်း စုံဖြင့် ခုခံတွန်းလှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရည်မှန်းကာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးကို ဆင်နွှဲနေသည့် ကာလဖြစ်ပါသည်။
အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြု၍ သင်ခန်းစာယူရန်မှာ အတိတ်သမိုင်းတွင် လွတ်လပ်ရေးပန်းတိုင်ကိုရောက်ရှိအောင် နယ်ချဲ့ကိုလိုနီနှင့် အာဏာရှင်ဝါဒကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တွန်းလှန်အောင်ပွဲဆင်နိုင်သကဲ့သို့ ယခုလက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေး ကြီးတွင်လည်း မြန်မာတနိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံး အပါအဝင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် သမိုင်း မော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်သွားပါကြရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေးအနက်ထား တိုက်တွန်းပြောကြားရင်း (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြု သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top