၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်
၁။ ယနေ့ကျရောက်သည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)တွင် ပြည်တွင်း၊ ပြည်ပ ရှိ ကာယ၊ ဉာဏ အလုပ်သမားများအားလုံး . စိတ်၏ တည်ကြည် ကြံ့ခိုင်ခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆန္ဒပြုပါသည်။
၂။ မေဒေးနေ့သည် ကမ္ဘာ့အလုပ်သမားများ၏ အခွင့်အရေးများ၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှု အတွက် တိုက်ပွဲဝင်ခဲ့ကြသော အမွေအနှစ်ကို တန်ဖိုးထား ဂုဏ်ပြုသည့်နေ့ ဖြစ်သည်။ ခေတ်အဆက်ဆက် ကမ္ဘာ့အလုပ်သမားထု၏ စွမ်းအား၊ စည်းလုံးညီညွတ်မှုနှင့် စွန့်လွှတ် အနစ်နာခံမှုများသည် မှတ်ကျောက်တင်နိုင်ခဲ့ပြီး ယနေ့လို လေးစားဂုဏ်ပြုထိုက်သည့် သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်ရက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှသည် ယနေ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး … နွေဦးတော်လှန်ရေးတွင် ရဲဝံ့ တက်ကြွစွာ မဆုတ်မနစ် ဆက်လက်ပူးပေါင်းပါဝင်လျက်ရှိသည့် မြန်မာအလုပ်သမားထု ကြီးအား ဦးညွှတ်ပါသည်။
၃။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ အကြမ်းဖက်စစ်အုပ်စု၏ အာဏာ လုယူပြီးနောက် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ဆိုးရွားစွာ ဆုံးရှုံးနေရပါသည်။ အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား ဖမ်းဆီးထောင်ချခြင်း၊ ဝရမ်း ထုတ်ခြင်း၊ ခရီးသွားလာခွင့်များပိတ်ပင်ခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်ဆဲခြင်း၊ အလုပ်သမား သမဂ္ဂများအား ဖိအားပေး၍ ပြန်လည်မှတ်ပုံတင်ခိုင်းခြင်း၊ ခေါင်းဆောင်များအား ပြန်လည် ရွေးချယ်စေခြင်း၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် မရှိခြင်းနှင့် အဓမ္မစစ်သားစုဆောင်းခြင်း စသည်တို့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၈၇ (၁၉၄၈)နှင့် အဓမ္မအလုပ်ခိုင်းစေမှု ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀)ကို လိုက်နာရန် ပျက်ကွက်မှုနှင့် ချိုးဖောက်မှုများ ဖြစ်ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ILO က လွတ်လပ်ပြီး တရားမျှတသည့် မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (Commission of Inquiry on Myanmar-COI) တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနဦးဆောင်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော သုံးပွင့်ဆိုင်အဖွဲ့သည် စုံစမ်းစစ်ဆေးရေး ကော်မရှင် (COI) ၏ လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပြီး ကျူးလွန်နေသည့် စစ်အုပ်စုအား ILO Constitution, Article 33 နှင့် ထိရောက်ပြင်းထန်စွာ အပြစ်ပေး အရေးယူရေးနှင့်အမျိုးသားညီ ညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင် ပြည်သူ့ အစိုးရအဖြစ် ILO ယန္တရားမှတဆင့် စတင်အသိ အမှတ်ပြုမှုရရှိရေးတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထိုက်သင့်သည့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။ ထိုကဲ့သို့ အောင်မြင်မှုများ … ရရှိစေရန် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုနှင့် နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပရှိ … မြန်မာအလုပ်သမားများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုကို လေးနက်စွာ အသိအမှတ်ပြုပါသည်။
၅။ အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် ချွတ်ခြုံကျနေသော နိုင်ငံ၏ စီးပွားရေးသည် စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် လုပ်ငန်းခွင်များကို စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် လုပ်အားဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်း၊ လုပ်သားများ၏ စစ်မှု ထမ်းကာလ လုပ်ခလစာကို အလုပ်ရှင်က ပေးချေရန် မတရားဥပဒေပြဋ္ဌာန်းကာ အလုပ်ရှင် များအပေါ် ဖိနှိပ်ခြင်းတို့ကြောင့်လည်းကောင်း၊ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော သဘာဝဘေးဒဏ်(ငလျင်)ကြောင့်လည်းကောင်း အဆိုးရွား ဆုံး အခြေအနေထိ ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါအခြေအနေတွင် အလုပ်သမားများနှင့် ၎င်းတို့အား မှီခိုနေသည့် မိသားစုများအပေါ် ကျရောက်နေသော လူမှုစီးပွား ထိခိုက်မှုအပေါ် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။
၆။ အလုပ်သမားများအပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နေ့စဉ် ကြုံတွေ့ခံစားနေရ သည့် ကိုယ်၊ စိတ် ဒုက္ခမျိုးစုံသည် အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှသာလျှင် ဆုံးရှုံးနေသည့်အခြေခံအခွင့်အရေးများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေး၊ အဘက်ဘက်မှ ယိုယွင်းနေသည့် တိုင်းပြည် .. ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးဆုံးရန် ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားများ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲ ဝင်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
၇။ ယခုနှစ် မေဒေးအတွက် ကြွေးကြော်သံ ဆောင်ပုဒ်ဖြစ်သည့် “လူမှုတရားမျှတရေးနှင့် ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်” ၊ “Social justice and Decent Work” ဆိုသကဲ့သို့ စစ်အုပ်စု၏ ကျူးလွန်မှုများအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ရေးနှင့် သင့်တော် ကောင်းမွန်သည့် လုပ်ငန်းခွင်များ၌ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရေး အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
၈။ ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) အပါအဝင် နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့အစည်းများ၊ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး အလေးထားသည့် နိုင်ငံတကာအစိုးရများ အနေဖြင့်လည်း လက်တွေ့ဆန်သော ပံ့ပိုးကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုပေးစေလိုကြောင်း မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ထပ်မံတိုက်တွန်းတောင်းဆိုအပ်ပါသည်။
၉။ သမိုင်းတလျှောက် အလုပ်သမားများ၏ လူမှုတရားမျှတရေးနှင့် ဒီမိုကရေစီအရေး အားထုတ် မှုများကို လေးစားဂုဏ်ပြုပါကြောင်းနှင့် တရားမျှတသော လူ့အဖွဲ့အစည်းတစ်ခု ကို ကြိုး ပမ်းတည် ဆောက်မှုတွင် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားပြည် သူတစ်ရပ်လုံးနှင့် တသားတည်း အတူရှိမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုအပ်ပါသည်။
အရေးတော်ပုံမုချအောင်ရမည်။