ကြေညာချက်အမှတ်(၀၁/၂၀၂၅)

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆုတ်(၅)ရက်
(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)
၁။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၆ နာရီအချိန်တွင် ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်း၌ မန္တလေးဂိုဏ်းချုပ်သာသနာမှ သက်တော် ၄၄ နှစ်ရှိ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်( Fr. Donald Martin) သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးကို အပူတပြင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင်တပ်ရင်း(၅)နှင့် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)မှာ သတင်းရသည်နှင့် တပြိုင်တည်း ပူးပေါင်းပြီး သံသယတရားခံ(၁၀)ဦးကို နေ့တွင်းချင်းဖမ်းဆီးခဲ့ပါသည်။ လတ်တလော စုံစမ်းစစ်ဆေးမှုများအရ သံသယတရားခံများသည် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြောင်းသိရှိရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ခုံရုံးတင်စစ်ဆေးပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စစ်ဆေးမှုများဆောင်ရွက်နေပြီဖြစ်သည်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများကိုလည်း ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း ကြေညာအပ်ပါသည်။
(ပုံ)
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top