အမျိုးသားညီညွတ်ရေးအစိုးရ ၆/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၆/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တော်လှန်ရေးတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ စိန်ခေါ်မှု တွေကလည်း ပိုများလာ တတ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်ပြီး နိုင်ငံတကာ မျက်နှာစာပေါ်ပြန်ပြန် တက် လာတဲ့ စစ်အာဏာရှင်တွေဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ရန်သူကို အထင်ကြီးစရာ မလိုသလို အထင်လည်းသေးလို့မရပါဘူး။ သူတို့ဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေဖြစ်သလို နိုင်ငံတကာမျက်နှာ စာပေါ်ကိုလည်း ရတဲ့နည်းနဲ့ တက်နိုင်ဖို့ ကြိုးစားနေကြမယ့်လူတွေ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေဖို့လိုသလို ပြင်ဆင်သင့်တာတွေ ကို ကြိုပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားပါသည်။
ဆက်လက်ပြီးတော့လည်း “ နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေအတွက်ပဲ ဖြစ်ဖြစ်၊ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လာကြတဲ့ တော်လှန်‌ရေး အင်အားစုတွေ အတွက်ဖြစ်ဖြစ် ဒီတကြိမ်က တော့ အမြစ်ဖြတ်ရမယ့်ပွဲလို့ စိတ်ထဲမှတ်ပြီး အချိန်မဆွဲကြပဲ အားလုံးအတူတူ ရုန်းကြရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မညီညွတ်ရင် အရင့်အရင် ကာလတွေလိုမျိုးပဲ တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဥ်နဲ့ တော်လှန်ရေးကို အင်အားချိနဲ့အောင် လုပ်လာမှာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေ ထပ်ခါထပ်ခါဖြစ်မလာအောင် ကျွန်တော်တို့အားလုံး ရုန်းကန် ကျော်လွှားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။
အစည်းအဝေးမှာ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်တောင်းအလွန်ခရီးစဉ် Report ကို တင်ပြ ဆွေးနွေးခဲ့ပါသည်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
Scroll to Top