၁၃ ဖေဖော်ဝါရီ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများသို့ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေကြသော ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနှင့် လိုက်လံတွေ့ဆုံခဲ့ပါသည်။
အဆိုပါ ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန်ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့ပြီး PDF တပ်ရင်းတာဝန်ရှိသူများက မြေပြင်အခြေအနေများ၊ စစ်ဆင်ရေးအခြေအနေများ၊ PDF တပ်ရင်းများ၏ လိုအပ်ချက်များ ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။


ခရီးစဉ်အတွင်း PDF များ စိုးမိုးထိမ်းချုပ်ထားသည့် စစ်တောင်းမြစ်အလွန်ဒေသများသို့လည်း သွားရောက်လေ့လာခဲ့ကြပြီး PDF တပ်ရင်းများ၏ လတ်တလောလိုအပ်ချက်များအတွက် ဝန်ကြီးချုပ်ရုံးက ထောက်ပို့ကူညီမှုများပြုလုပ်ကာ အနာဂတ် စစ်ဆင်ရေးများအတွက် အရေးတကြီးလိုအပ်ချက်များအား အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။