အကြမ်းဖက်စစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြုခြင်းနှင့် ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်
၁။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ပြီးနောက် ပြင်ဆင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လွတ်လပ်၍ အမှီအခိုကင်း သည့် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်း မဟုတ်သည့်အပြင် ပဲရစ်အခြေခံမူများနှင့် ကိုက်ညီခြင်းမရှိဘဲ စစ်အုပ်စု၏ အလိုဆန္ဒအတိုင်း ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။ထို့အပြင် လူ့အခွင့်အရေးချိုးဖောက် ခံနေရသော ပြည်သူများဘက်ကို စိုးစဥ်းမျှရပ်တည်ထုတ်ဖော် ပြောကြားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်မှုများကို ရေငုံနှုတ်ဆိတ်နေခဲ့သည်။
၂။ (၂၀၂၅)ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့က ထပ်မံဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်လည်း စစ်ကောင်စီအလိုကျ ရပ်တည်ဆောင်ရွက်ခဲ့သော အဖွဲ့ဝင်ဟောင်းအများစုဖြင့် ထပ်မံဖွဲ့စည်းထားခြင်းဖြစ်ရာ ယခင်ကော်မရှင်ကဲ့သို့ပင် လွတ်လပ်၊အမှီအခိုကင်းသည့် ကော်မရှင်မဟုတ်ပါ။ Global Alliance of National Human Rights Institute-GANHRI မှလည်း ထိုကော်မရှင်၏ ပဲရစ်အခြေခံမူများနှင့် မကိုက်ညီသောကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိ အမှတ်ပြုခြင်းနှင့် အဖွဲ့ဝင်ဖြစ်ခြင်းမှ (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါသည် ။
၃။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အသိအမှတ်မပြုကြောင်းနှင့် ဖျက်သိမ်းကြောင်း ကြေညာအပ်ပါသည်။
၄။ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း အသိအမှတ်ပြု လက်ခံခြင်း၊တွေ့ဆုံခြင်း၊ အစည်းအဝေးများသို့ ဖိတ်ကြားခြင်းများ မပြုလုပ်ရန် တိုက်တွန်းအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top