အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ ကျင်းပသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အသက်(၈၀) နှစ်ပြည့်မွေးနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပေးပို့သော သဝဏ်လွှာ

ရက်စွဲ။ ။၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်။
ယနေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) နှစ်ပြည့် မွေးနေ့ ဖြစ်ပြီး အဆိုပါ မွေးနေ့တွင် မွေးနေ့ရှင်အား နည်းလမ်းပေါင်းစုံဖြင့် ဆုတောင်းမေတ္တာပို့သပေးကြသော မြန်မာနိုင်ငံတဝှမ်းတွင် သာမက ကမ္ဘာတဝှမ်းရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ကမ္ဘာသူကမ္ဘာသား များ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ဘေးကင်းရန်ကွာ ကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
လူထုခေါင်းဆောင်၏ မွေးနေ့သည် ပုံမှန်မွေးနေ့ပွဲသက်သက် မဟုတ်ဘဲ၊ အကြမ်းဖက် စစ်အုပ်စု၏ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ပြည်သူတစ်ရပ်လုံး ၏ ပြင်းပြသောဆန္ဒကို ကမ္ဘာသို့ ပြသသည့်နေ့လည်း ဖြစ်ပါသည်။ ယနေ့တွင် မြန်မာနိုင်ငံအနှံ့အပြား၊ ကမ္ဘာတစ်ဝှမ်း၌ပင် ပြည်သူများက ၎င်းတို့၏ခေါင်းဆောင်ကို မမေ့မလျော့ တန်ဖိုးထားကြောင်း ပြသ နေကြသည်ကို တွေ့မြင်ရပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့က ၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် မွေးဖွားပေးခဲ့ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးကတဖန် သမိုင်း လိုအပ်ချက်အရ မြန်မာ ပြည်သူလူထုတရပ်လုံး၏ လူထုခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ မွေးထုတ် ပေးခဲ့ပါသည်။ ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုနှင့်အတူ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဒီမိုကရေစီခရီးကြမ်းကြီးကို ဆယ်စုနှစ် ပေါင်းများစွာ ဇွဲလုံ့လမလျှော့စတမ်း လျှောက်လှမ်းခဲ့သူ ဖြစ်ပါသည်။ အသက်အန္တရာယ် အကြိမ်ကြိမ် ခြိမ်းခြောက်ခံရမှုအပါအဝင် အနုနည်း၊အကြမ်းနည်း ပေါင်းစုံဖြင့် အာဏာရှင် အဆက်ဆက်၏ ဖိနှိပ် ခြင်းကို ခံခဲ့ရသော်လည်း မတုန်မလှုပ် ကြံ့ကြံ့ခံခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ရဲစွမ်းသတ္တိ၊ ပြည်သူလူထု၏ မေတ္တာနှင့် ခိုင်မာသည့်ထောက်ခံမှု၊ ဒီမိုကရက်တစ်အင်အားစုများကို စည်းရုံးနိုင်စွမ်း များကြောင့် စစ်အာဏာရှင်များသည် ၂၀၁၂ ခုနှစ်တွင် မဖြစ်မနေ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ် ခဲ့ရပါသည်။ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း ၁၉၉၀ ပြည့်နှစ်ကဲ့သို့ပင် သူမအပေါ် ပြည်သူလူထု၏ ထောက်ခံမှုသည် နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့သော်လည်း မျိုးဆက်များအကြား မပြောင်းလဲဘဲ ခိုင်မာနေဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤအချက်သည် သူမ မြန်မာ့သမိုင်းတွင် မည်မျှထူးခြား သည့် ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပါသည်။ စစ်တမ်းများအရ ယခုအချိန်ထိလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု၏ ယုံကြည်မှုနှင့် ထောက်ခံမှုတို့ သည် ဆက်လက်အားကောင်းနေဆဲ ဖြစ်ပါသည်။
လူထုခေါင်းဆောင်အနေဖြင့် ဒီမိုကရေစီစနစ် ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် နှစ်ပေါင်းများစွာ မဆုတ်မနှစ် တိုက်ပွဲဝင်ခဲ့မှု၊ ဒီမိုကရေစီ၏ ယဉ်ကျေးမှုဖြစ်သည့် အမြင်မတူ သူ ရန်သူပင်ဖြစ်လင့်ကစား ညှိနှိုင်းဆောင်ရွက်နိုင်မှု၊ ဒီမိုကရေစီနည်းလမ်းများအတိုင်း လူထုကို ဦးဆောင်ပေးခဲ့မှုတို့ကြောင့် မြန်မာလူထုကြီးသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီစနစ်ကို တစ်ထပ်တည်း ရှုမြင်၍ ယုံကြည်မှုအပြည့်ဖြင့် နှစ်ပေါင်း ၃၀ ကျော် တိုင်အောင် ထောက်ခံနေကြခြင်း ဖြစ်ပါသည်။
လက်ရှိအချိန်တွင် လူထုခေါင်းဆောင်နှင့် နိုင်ငံတော်သမ္မတကိုလည်း မတရားအကျဉ်းချ၊ ပြည်သူလူထုကိုလည်း နည်းမျိုးစုံဖြင့် နှိပ်စက်၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားသည့် အကြမ်းဖက် စစ်အုပ်စုသည် လူထုခေါင်းဆောင် နှင့် တော်လှန်ရေးကြီးကို ခွဲထုတ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတကာ ကိုယ်စားလှယ်အသီးသီး၊ ခေါင်းဆောင်အသီး သီးကို လူထုခေါင်းဆောင်နှင့် တွေ့ဆုံရန်ခွင့်မပြုခြင်းသည်ပင်လျှင် ဒေါ်အောင်ဆန်းစုကြည် ၏ လူထု တော်လှန်ရေးကြီး တစ်ခုလုံးအပေါ် သက်ရောက်နိုင်စွမ်းကို ၎င်းတို့ အင်မတန်ကြောက်ရွံ့၍သာ ဖြစ်ပါသည်။ ပြည်သူနှင့် အမြဲအတူရှိသည့် လူထုခေါင်းဆောင်သည် အမှန်တရားအတွက် တိုက်ပွဲဝင် နေကြသည့် ပြည်သူများနှင့် အပြည့်အဝ ရပ်တည်နေခြင်းကြောင့်သာ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မည်သူ့ကိုမျှ တရားဝင် တွေ့ဆုံခွင့် မပေးရဲခြင်း ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ အကြီးအကဲ နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ်ပြီး ပြည်သူများ လေးစားချစ်ခင်ရသည့် လူထုခေါင်းဆောင်၏ မွေးနေ့တွင် ယခုကဲ့သို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ ရသည့်အတွက် ဝမ်းမြောက်မိပါသည်။ တစ်ဖက်တွင်လည်း မွေးနေ့ရှင်ကိုယ်တိုင်မပါဝင်ဘဲ ကျင်းပ ရသည့် မွေးနေ့ဖြစ်နေခြင်းကြောင့် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။ ပြည်သူနှင့်အတူ သူမ၏ သက်တမ်းတလျှောက် ခိုင်မာစွာ ရပ်တည်ခဲ့သည့် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးနှင့်လည်း ထပ်တူထပ်မျှ ရပ်တည်နေသည်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။
ဤအခါသမယတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim) ဦးဆောင်သည့် “SUU 80 Birthday Campaign” ၏ ကြိုးပမ်းအားထုတ်မှု များကိုလည်း ဤနေရာမှ အထူးဂုဏ်ပြုလိုပါသည်။မွေးနေ့အလှူများနှင့် ဆုတောင်းမှုများသည် ပြည်သူလူထု၏ မေတ္တာကို ထင်ဟပ်ဖော်ပြပေးနေသကဲ့သို့၊ ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်း နိုင်ရန်အတွက် အားသစ်လောင်းပေးရာလည်း ရောက်သလို ပြည်သူလူထု ပို့သသော မေတ္တာတရားကို မွေးနေ့ရှင်ကိုယ်တိုင် ခံစားရရှိပြီး မွေးနေ့ဆုတောင်း ဗွီဒီယိုများကိုလည်း မွေးနေ့ရှင်ကိုယ်တိုင် ကြည့်ရှု ခံစားနိုင်မည့် နေ့ရက်သည်လည်း မနှေးအမြန် ရောက်ရှိလာနိုင်မည် အပြည့်အဝယုံကြည်ပါသည်။
ပြည်သူ့တော်လှန်ရေးရှိနေသရွေ့ လူထုခေါင်းဆောင်၏ အခန်းကဏ္ဍ သည်လည်း အရေးကြီးသောကဏ္ဍတခုအဖြစ် ဆက်ရှိနေဦးမည်ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေ ဖြင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းလျက်ရှိသည့် ဒီမိုကရေစီ ခရီးကြမ်းကို ဤတစ်ကြိမ်တွင်မူ ပြည်သူတရပ်လုံး၏ အသက်သွေးချွေးများ၊ စွန့်လွှတ်အနစ် နာခံမှုများ၊ တီထွင်ကြံဆအားထုတ်ကြိုးပမ်းမှုများနှင့်အတူ ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသား များအားလုံး ဘေးကင်းကျန်းမာလျက် အမြန်ဆုံး လွတ်မြောက်ကြပါစေကြောင်း လေးလေးနက်နက် ဆုတောင်းရင်းဖြင့် မြန်မာ့မြေပေါ်မှ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပပျောက်သွားသည်အထိ ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုလျက် တော်လှန်ရေး သစ္စာဖြင့် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top