စက်တင်ဘာ ၁၂ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုမှုကို ယနေ့ စက်တင်ဘာလ ၁၂ရက်တွင် ပြုလုပ်ခဲ့ပါသည်။
အပြန်အလှန် နားလည်မှု ၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်း နှစ်ခုအကြား ခိုင်မာအားကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး ၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး နဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်း ရေးလုပ်ငန်းများမှာ အတူတကွ လက်တွဲ တိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေး နဲ့ ဘဏ္ဍာရေး ကဏ္ဍရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နားလည်မှု စာချွန်လွှာ ချုပ်ဆိုသည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့သလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း ဥက္ကဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၁ ရဲဘော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ ရဲဘော် ရဲထွတ် (ခ) လှဌေး ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ နယ်မြေအသီးသီးမှ တာဝန်ခံခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ

