၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်
ယနေ့ကျရောက်သည့် ထိုင်းနှစ်သစ်ကူးအချိန် အခါသမယတွင် ထိုင်းနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသူအပေါင်း ဘေးဘယာဝေးကွာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ရှေးဦးစွာ ဆုမွန် ကောင်း တောင်းအပ်ပါသည်။
မြန်မာနှင့်ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများအဖြစ် နှစ်ပေါင်းရာထောင်မက အတူယှဥ် တွဲနေထိုင်ခဲ့ကြသော နိုင်ငံများဖြစ်သလို ယဥ်ကျေးမှုချင်း နှီးနှောစပ်လှယ် ယှဥ်တွဲလာကြသော မိတ်ကောင်းဆွေမွန်နိုင်ငံများလည်း ဖြစ်ကြပါသည်။ထိုင်းနှင့်မြန်မာတို့သည် နားလည်မှုနှင့်မျှဝေ သည့် ရည်မှန်းချက်များနှင့် ပြည်သူတို့အကြား ရေရှည်ချစ်ကြည်ရေးအတွက် ပူးပေါင်းဆောင် ရွက်မှုနှင့်ချစ်ကြည်ရင်းနှီးမှု၏ အခြေခံအုတ်မြစ်သည် ကျွန်ုပ်တို့နိုင်ငံများအနေဖြင့် စိန်ခေါ်မှုအမျိုး မျိုးကို ကျော်လွှားနိုင်ပြီး နယ်ပယ်အားလုံးတွင် နက်ရှိုင်းသည့် ချိတ်ဆက်မှုများနှင့် ဒေသတွင်းအ တွက် အမှန်တကယ်အကျိုးရှိမည့် ပိုမိုခိုင်မာသော မိတ်ဖက်ဆက်ဆံရေးတစ်ရပ်နှင့် အတူတကွ ရှေ့ဆက်နိုင်စေခဲ့သည်။
ပြီးခဲ့သည့်နှစ်ကာလများအတွင်း ထိုင်းနိုင်ငံအနေဖြင့် မြန်မာပြည်မှ စစ်ဘေးဒုက္ခသည်များ (War Refugee) များကို ကူညီထောက်ပံ့စောင့်ရှောက်ပေးထားခြင်း၊ ထိုင်းနိုင်ငံအတွင်း အခြေချ နေထိုင်လျက်ရှိသော မြန်မာလုပ်သားများကို အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးထားခြင်း စသည့် ကူညီထောက်ပံ့ပေးမှုများအတွက် မိမိတို့အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ထိုသို့သော ကူညီပေးခဲ့မှုများကို မိမိတို့အနေဖြင့် အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုလိုပါသည်။
လာမည့်နှစ်သစ်တွင်လည်း နှစ်နိုင်ငံပြည်သူအပေါင်း ငြိမ်းချမ်းစွာ ကူးလူးဆက်ဆံချစ်ကြည် ရင်းနှီးမှုကို အတူတကွ မြှင့်တင်ကြပြီး အောင်မြင်တိုးတက် အေးချမ်းသာယာသည့် နှစ်သစ်ဖြစ်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ထိုင်းဘုရင်မင်းမြတ်နှင့်တကွ ထိုင်းပြည်သူပြည်သားအပေါင်း ငြိမ်းချမ်း သာယာရှိကြပါစေကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တိုးတက်ကောင်းမွန်သော နှစ်တနှစ်ကို ပိုင်ဆိုင်နိုင် ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ