ထုတ်ပြန်ချက် (၁ / ၂၀၂၅)
(၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်)
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်
၁။ နိုင်ငံတကာ၏အာရုံစိုက်မှုများသည် ယူကရိန်းအရေးအပေါ်၌သာ ဆက်ရှိနေရာ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာသောအကျပ်အတည်းကို ဦးဆောင်၍ ကိုင်တွယ်ဖြေရှင်းနိုင် မည့် အရေးပါသည့် အခွင့်အလမ်းတစ်ရပ် ရှိနေပါသည်။ အာဆီယံပဋိညာဉ်စာတမ်းမှ ပေးအပ်ထား သည့် လုပ်ပိုင်ခွင့်များအရ အာဆီယံသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပံ့ပိုးကူညီရန်အတွက် အဓိပ္ပါယ်ပြည့်ဝသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်စွမ်း ရှိပါ သည်။
၂။ မြန်မာပြည်သူလူထုသည် နေ့စဉ်နှင့်အမျှ ကြီးမားလှသည့် ဆင်းရဲဒုက္ခများစွာကို ရင်ဆိုင် ကြုံတွေ့နေရသည်ဖြစ်ရာ တိကျပြတ်သားသည့်အရေးယူဆောင်ရွက်မှုများကို အရေးတကြီး လိုအပ် လျက်ရှိပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းအား မကြာသေးမီက လေကြောင်းတိုက်ခိုက်မှုနှင့် နိုင်ငံအနှံ့ကျေးရွာများကို ဖျက်ဆီးမှုများကဲ့သို့သော အကြမ်းဖက်စစ်အုပ်စု ၏ စစ်ရေးတိုက်ခိုက်မှုများကြောင့် ပြည်သူလူထုမှာ နေအိမ်များမှ အတင်းအကျပ် စွန့်ခွါထွက်ပြေး နေကြရပြီး၊ စာသင်ကျောင်းနှင့် ဆေးရုံကဲ့သို့သော အရေးကြီးအဆောက်အဦများ ဖျက်ဆီးခံရကြရကာ အကြီးအကျယ် ဒုက္ခရောက်ကြရသည်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ မှတ်တမ်းတင်ထားသော အချက်အလက်များအရ၊ အကြမ်းဖက် စစ်အုပ်စုသည် အရပ်သားပြည်သူဆိုင်ရာနေရာများအား လေကြောင်းတိုက်ခိုက်မှု (၂,၁၉၀) ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။ အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာနေရာများအား မဆင်မခြင်တိုက်ခိုက်မှုနှင့် ကလေး သူငယ်များအား ထိခိုက်သေကျေစေမှုများသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ ကို ချိုးဖောက်နေရုံ သာမက ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင် နိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်များကို အာမခံပေးထားသည့် ကလေးသူငယ်များ အခွင့် အရေးဆိုင်ရာ ဂျီနီဗာသဘောတူစာချုပ်ကိုလည်း ချိုးဖောက်ရာ ရောက်သည်။
၃။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ဘာသာရေးဆိုင်ရာနေရာများနှင့် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထား တိုက်ခိုက်နေမှုများသည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း၏ ဆိုးရွားလျက် ရှိသည့် အခြေအနေကို ဖော်ပြလျက်ရှိသည်။ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အရပ်သားသေဆုံးမှု ဆက်လက်မြင့်တက်နေပြီး၊ အရေးကြီးသော အခြေခံအဆောက်အဦ များလည်း ပိုမိုပျက်စီးဆုံးရှုံးလာသည်ဖြစ်ရာ၊ မြန်မာပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ထိန်းသိမ်းရန်အတွက် ခိုင်မာ အားကောင်းပြီး စည်းလုံးညီညွတ်သည့် နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်ချက်များကို အရေးတကြီး လိုအပ်လျက်ရှိပါသည်။
၄။ အာဆီယံအဖွဲ့အနေဖြင့် ယခုအချိန်တွင် ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူလူထု၏ ဆန္ဒများနှင့်ကိုက်ညီသော မြန်မာပိုင်၊ မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ် တစ်ရပ်ကို ပံ့ပိုးကူညီပေးနိုင်ရန် တိကျပြတ်သားသည့် ဆောင်ရွက်ချက်များ ချမှတ်ဆောင်ရွက်နိုင် မည့် အခွင့်အလမ်းများ ရှိနေပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရှိစေရန် အတွက် တရားဝင်ဒီမိုကရေစီအင်အားစုများ ပြန်လည်ထူထောင်နိုင်ရန်မှာ မရှိမဖြစ် လိုအပ်ပါသည်။ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခနှင့် မြန်မာပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေသည့် စစ်အုပ်စု၏အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ရဲရင့်ပြီး ထိရောက်သည့် ဆောင်ရွက်ချက်များကို ချမှတ်ဆောင်ရွက်ခြင်းအားဖြင့် မလေးရှားနိုင်ငံ၏ ဥက္ကဌအဖြစ် ဦးဆောင်မှုအောက်တွင် အာဆီယံအနေဖြင့် လူ့အခွင့်အရေးနှင့် ဒေသတွင်းလုံခြုံရေး အပေါ်ထားရှိသည့် ကတိကဝတ်များကို ဆက်လက် စောင့်ထိန်းရန် တိုက်တွန်းအပ်ပါသည်။
၅။ ယခုအချိန်အခါသည် မြန်မာနိုင်ငံရှိ ပြည်သူတစ်ဦးချင်းစီတိုင်း၏ တရားမျှတမှု၊ ငြိမ်းချမ်းမှု နှင့် ဂုဏ်သိက္ခာတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်မည့် ဆောင်ရွက်ချက်များကို ပြတ်ပြတ်သားသား ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ