စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ကြေညာချက်

ကြေညာချက်အမှတ် (၁၃/၂၀၂၄)
၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်
၁။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်း ကျောင်းဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် (၃) ဦးသေဆုံးပြီး ပြည်သူ (၂၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
၂။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် (၄) ဦးထက် မနည်း သေဆုံးပြီး ပြည်သူ (၂၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
၃။ အကြမ်းဖက်စစ်ကောင်စီတပ်က စာသင်ကျောင်းများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများတွင် တပ်စွဲခြင်းတို့သည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်။ စာသင်ကျောင်းများကို စစ်ရေးအခြေစိုက်စခန်း အဖြစ်အသုံးပြုခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲနေခြင်းစသည့် အကြမ်းဖက် တရားမဲ့ လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။
၄။ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ထိခိုက်ခံစားနေရသည့် ကလေးသူငယ်များအတွက် နိုင်ငံတကာ အနေဖြင့် ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးသူငယ်များအတွက် လုံခြုံစွာ ပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာစေရေး အတွက် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေပါသည်။
၅။ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top