အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသော တပ်သားသစ်များသို့ အသိပေးဖိတ်ခေါ်ချက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်
အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လက်ပါးစေ စစ်ကောင်စီတို့သည် စစ်ရေးအရ ရှုံးနိမ့်မှုများကို တန်ပြန်ရန် “ပြည်သူ့စစ်မှုထမ်းဥပဒေ” အမည်ခံကာ အတင်းအဓမ္မ စစ်သား စုဆောင်းမှုများကို ရက်စက်ကြမ်းကြုတ်စွာ ဆောင်ရွက်လျက်ရှိသည်။ နောက်ဆုံး ရရှိထားသော အချက်အလက်များအရ အကြမ်းဖက်စစ်ကောင်စီသည် လူငယ် ၇သောင်းနီးပါးကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်း၍ စစ်သင်တန်းများသို့ ပို့ဆောင်ခဲ့ပြီး စစ်မြေပြင်များသို့ စေလွှတ်အသုံးချလျက်ရှိသည်။ အဓမ္မစစ်မှုထမ်း အပတ်စဉ်အလိုက် လူဦးရေ ၄ ထောင်အနည်းဆုံး ရရှိရန် ကြိုးပမ်းနေပြီး အပတ်စဉ်တခုနှင့်တခု လူဦးရေ ရရှိမှု မပြည့်မီသဖြင့် မြင်တွေ့သမျှ လူငယ်များကို အရှိန်အဟုန်မြှင့် အဓမ္မ ဖမ်းဆီးလျက်ရှိသည်။
စစ်ကောင်စီက တရားလက်လွတ် ဆောင်ရွက်နိုင်ရန် ၎င်းတို့၏ စစ်မှုထမ်းနည်းဥပဒေက ခွင့်ပြု ပေးထားပါသည်။ အဆိုပါ နည်းဥပဒေတွင် လိုအပ်သည့်အရေအတွက် မပြည့်မီပါက ဗဟိုအဖွဲ့က သတ်မှတ်ပေးသည့် နည်းလမ်းတမျိုးမျိုးဖြင့် ရွေးချယ်နိုင်ကြောင်း၊ မိသားစုအတွင်း စစ်မှုထမ်းနေသူ ရှိလင့်ကစား ကျန်အကျုံးဝင်သူများကိုလည်း ခေါ်ယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်း ပျက်ကွက်ပါက မိသားစုဝင်များကိုပါ အရေးယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းပြီးသူများအပါအဝင် မည်သူကိုမဆို အရေးပေါ် အခြေအနေအကြောင်းပြချက်ဖြင့် ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွာခွင့်ကိုလည်း တားမြစ်နိုင်ကြောင်း၊ စစ်သင်တန်းပြီးပါက စစ်ကောင်စီ၏ ကကကြည်းမှ စေလွှတ်မည့်ဒေသများသို့ သွားရောက်ရမည် ဖြစ်ကြောင်း အစရှိသဖြင့်ဖော်ပြထားပြီး နည်းလမ်းမျိုးစုံဖြင့် ထင်ရာစိုင်းလုပ်ပိုင်ခွင့်များကို တရားလက်လွတ်ပေးအပ် ထားကာ လူငယ်များ၏ ဘဝနှင့် အသက်ကို လောင်းကြေးထပ် ချနင်းဖျက်ဆီးလျက်ရှိပါသည်။
နိုင်ငံတဝန်းတွင် ခရီးသွားလာခွင့်များကို တင်းကျပ်ကန့်သတ်ပြီး မြို့ရွာအဝင်အထွက်များနှင့် လမ်းမများပေါ်တွင် လူငယ်များကို ပြောင်ပြောင်တင်းတင်း အဓမ္မဖမ်းဆီးလျက်ရှိသည့်အပြင် စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို နည်းပညာအသုံးပြုတည်ဆောက်နေပြီး လူငယ်များကို မှတ်တမ်းတင် စာရင်း သွင်းကာ သားကောင်များသဖွယ် ပိတ်လှောင်အသုံးချရန် အကွက်ကျကျ ပြင်ဆင်လျက်ရှိပါသည်။
မြေပြင်တွင် အလင်းဝင်လာသည့် အဓမ္မစုဆောင်းခံတပ်သားသစ်များ၏ ထွက်ဆိုချက်များအရ အကြမ်းဖက်စစ်ကောင်စီသည် အဓမ္မစုဆောင်းခံရသူများကို တိုက်ပွဲဒေသများတွင် ရှေ့ထွက်အသေခံ တပ်သားများအဖြစ် ရက်စက်စွာအသုံးချလျက်ရှိကြောင်း၊မူးယစ်ဆေးဝါးများကို အမိန့်ပေးသုံးစွဲစေ၍ စစ်တိုက်ခိုင်းခြင်းများရှိကြောင်း သိရှိရသဖြင့် ယင်းလူငယ်များ၏အသက်ကို တန်ဖိုးမထားသည်မှာ များစွာပေါ်လွင်ထင်ရှားပါသည်။ ယင်းသို့သော အခြေအနေများကြောင့် အဓမ္မ စုဆောင်းခံရသော တပ်သားသစ်များသည် အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားအောက်တွင် ဆက်လက် အသုံးချမခံရစေရန် အခွင့်အခါသင့်သည်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံလာမှုများ မြေပြင်တွင် တနေ့တခြား တိုးပွားလာလျက်ရှိပါသည်။ ဤသည်မှာ အကြမ်းဖက်စစ်ကောင်စီဘက်တွင် ရပ်တည်လိုစိတ် မရှိသည့် ပြည်သူ့သားကောင်း များ၏ မှန်ကန်သော ရွေးချယ်မှုပင်ဖြစ်ပါသည်။
စစ်ခေါင်းဆောင်များသည် ၎င်းတို့ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲရေးအတွက် ပြည်သူများ၏ အသက်ကို မည်သည့်နည်းဖြင့်မဆို ထိုးကျွေးအသုံးချရန် လက်မရွံ့သည့်သူများဖြစ်သည်ကို အထင်အရှား မြင်တွေ့နေရ ပါသည်။ မလွန်ဆန်နိုင်သောအခြေအနေများတွင် အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးမှုကြောင့် တပ်သားသစ်များအဖြစ် စုဆောင်းခြင်းခံခဲ့ရသော လူငယ်များအနေဖြင့် အခြေအနေ အရပ်ရပ်ကို အစဉ်အမြဲနားစွင့်လျက် အခွင့်သာသည့်အချိန်တိုင်းတွင် တော်လှန်ရေးအင်အားစုများထံသို့ ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်းခိုလှုံလာကြပါရန် မိမိတို့ အမျိုးသားညီညွတ်ရေး အစိုးရက လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူ့ရင်ခွင်ထံ ကူးပြောင်းခိုလှုံလာကြမည့် တပ်သားသစ်များ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများက နွေးထွေးစွာ ကြိုဆိုလျက်ရှိပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်သူ့ရင်ခွင်ခိုလှုံလိုပါက ဆက်သွယ်ရန် နည်းလမ်းများ
Telegram: https://t.me/MyanmarPeople Telegram (သို့) @MyanmarPeople
Signal: +66968847969
Viber: +66968847969
Messenger: ပြည်သူ့ရင်ခွင် – People’s Embrace
NUG Hotline
Scroll to Top