အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ကြေညာခြင်း

ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

အမိန့်ကြော်ငြာ စာအမှတ်(၀၂/၂၀၂၄ )

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆုတ်(၃) ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၆) ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကိုထုတ်ပြန်လိုက်သည်။

၁။ ဥပဒေပြဌာန်းခြင်းနှင့် ဥပဒေအာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့်အာဏာ လုံးဝမရှိသော အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အဓမ္မအတည်ပြု၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်သူများကို ပေါ်တာဆွဲခြင်း အဓမ္မဖမ်းဆီးခြင်းနှင့် စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။

၂။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်မှုများဖြစ်ပွားရခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုခြင်းမရှိသဖြင့် လူငယ်များသည် စာသင်ကျောင်းနှင့် လုပ်ငန်းခွင်များမှစွန့်ခွာ၍ အစုလိုက်အပြုံလိုက် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကြရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံး ရခြင်း၊ နယ်စပ်ဒေသတွင် လူကုန်ကူးမှုများ မြင့်တက်လာခြင်း၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ မြင့်တက်လာခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာခြင်း စသည်တို့ဖြစ်ပေါ်လျက် ရှိကြောင်း စိစစ်တွေ့ရှိသည်။

၃။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အကြမ်းဖက်စစ်သင်တန်းများပေးခြင်းနှင့် အကြမ်းဖက်အုပ်စုအဖွဲ့ဝင်အဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အခန်း(၁) ပုဒ်မ(၃) အပိုဒ် ခွဲငယ်(၁၃) (၁၅)(၁၆)(၁၈)တို့ကို ကျူးလွန်ခြင်းဖြစ်ကြောင်း ထင်ရှားစွာ စိစစ်တွေ့ရှိရသည်။

၄။ အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသည့် စစ်ကောင်စီက ဖွဲ့စည်း ထားသော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် လက်အောက်ခံအဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။

ဥက္ကဌ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

Scroll to Top