(၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၃၀ ရက်)
ကရင်သက္ကရာဇ် (၂၇၆၄) ခု၊ ပြာသိုလဆန်း (၁)ရက် ယနေ့သည် ကရင်အမျိုးသားတို့၏ ပျော်ရွင်ဖွယ်နှစ်သစ်ကူး ပွဲတော်နေ့ဖြစ်၍ ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၊ ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူလူထုတိုင်းရင်းသား မျိုးနွယ်စုများနှင့် ကရင်တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ဘေးအန္တရာယ်ကင်းကြပါစေကြောင်း အမျိုးသားညီညွတ် ရေးအစိုးရက ပဏာမဆုမွန်တောင်းလိုက်ပါသည်။
(၁၉၃၆) ခုနှစ်၊ ကိုလိုနီခေတ်ဖြစ်သော ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ ကရင်အမျိုးသားခေါင်းဆောင်ကြီးများ ဖြစ်သည့် အောက်လွှတ်တော်အမတ် (၁၂)ယောက်နှင့် အထက်လွှတ်တော်အမတ် (၃)ယောက်မှ ကရင်နှစ်သစ်ကူးနေ့ (ကရင်အမျိုးသားနေ့)၊ ကရင်အမျိုးသားသီချင်း၊ကရင်အမျိုးသားအလံတော် စသည်တို့ကို တောင်းဆိုခဲ့ကြပါသည်၊၊ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အသိအမှတ်ပြု ခြင်း ဥပဒေကြမ်းကို ဥပဒေကြမ်းအမှတ် (- ၂၆ – ၁၉၃၇) ဖြင့် ပြဋ္ဌာန်းသတ်မှတ်ခဲ့ပြီး အစိုးရ၏ ပထမဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ( ၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့) ခရစ်နှစ် ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ ဖြစ်လာခဲ့ပါသည်။နှစ်စဉ်နှစ်တိုင်း ပြာသိုလဆန်း (၁) ရက်နေ့တွင် ကရင် နှစ်သစ်ကူးပွဲတော်အဖြစ် ကျင်းပလာခဲ့ကြရာ (၈၆)နှစ်ထိ ပြီးမြောက် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ ဖြစ်သော ကောက်ပဲသီးနှံ ရိတ်သိမ်းပြီးချိန်တွင် တောင်တန်ခိုးရှင်များကို သီးဦးသီးဖျားများ ပူဆော်ပသခြင်း၊ စည်းလုံးညီညွတ်စွာဖြင့် ကောက်သစ်စားပွဲများကျင်းပခြင်း၊ အမျိုးသားအလံတင်ခြင်း၊ ရိုးရာ ဖားစည်နှင့်ကျွဲချိုတီးမှုတ်ခြင်း၊ ကရင်ဒုံးယိမ်းကခြင်းစသည့် စာပေယဉ်ကျေးမှုများနှင့် အမျိုးသား ရေးအမှတ်လက္ခဏာများကို ထိမ်းသိမ်းစောင့်ရှောက်မြှင့်တင်ပြီး ပျော်ရွှင်ဖွယ်နှစ်သစ်ကူးမင်္ဂလာနေ့ အဖြစ် အမြတ်တနိုး ကျင်းပကြသည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်တွေ့ရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အာဏာရှင်များ၏ ဆိုးသွမ်းရက်စက်ခဲ့မှုတို့ကြောင့် လူမျိုးရေးအရ သွေးခွဲပြီး အမျိုးသားတန်းတူရေး၊တရားမျှတခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဖိနှိပ် ချုပ်ချယ်ကန့်သတ်ခဲ့သည်မှာ ယခုလို နွေဦးတော်လှန်ရေးကာလထိရောက်ရှိသိတိုင် ဖြစ်ခဲ့သည်ကို ဝမ်းနည်းစွာတွေ့ရပါသည်။အမျိုးသားညီညွတ်ရေးအစိုးသည် ကရင်တိုင်းရင်းသား ခေါင်းဆောင်ကြီး များနှင့်တကွ ကရင်ပြည်သူလူထုတရပ်လုံး မျှော်ရည်သောပန်းတိုင်ဖြစ်သည့် အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်ရေးနှင့် သမိုင်းအစဉ်အလာကြီးသော ကရင်လူမျိုးတို့၏ ဘာသာ၊ စာပေ၊ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များထိမ်းသိမ်းပြီး အမျိုးဂုဏ်၊ဇာတိဂုဏ် မြှင့်တင်ရာတွင်လည်း အစဉ်တစိုက် အားပေးထောက်ခံသွားမည် ဖြစ်ပါသည်။
ယခုလိုမင်္ဂလာရှိပြီးပျော်ရွင်ဖွယ်ဖြစ်သော ကရင်နှစ်သစ်ကူးပွဲတော်မှစတင်ပြီး ကရင်တိုင်း ရင်းသားခေါင်းဆောင်ကြီးများ၊ ကရင်ပြည်သူလူထုမျိုးနွယ်စုများ၊ ကရင်တော်လှန်ရေးရဲဘော် ရဲဘက်များအားလုံး လိုလားသည့်အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် မဟာမိတ်တိုင်းရင်းသား တော် လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီလက်တွဲကာ စစ်အာဏာရှင်အမြစ်ပြတ်သည်ထိ ချေမှုန်း နိုင်ပါစေကြောင်း ဆန္ဒပြုပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ