“ဝမ်းနည်းကြောင်းသဝဏ်လွှာ”

၁၃၈၆ ခုနှစ် ၊ နတ်တော်လပြည့်ကျော် (၃)ရက်
(၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၈ ရက်)
ကြေညာချက်အမှတ် (၃၃/၂၀၂၄)
၁။ ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ ည (၈) နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာနှင့် ကျောက်လှေကားကျေးရွာတို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းမှ လေယာဉ်ဖြင့် ရက်စက်ယုတ်မာစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။
၂။ အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်စွာ ရက်စက်ယုတ်မာမှုများကြောင့် ကျောက်လှေကား ကျေးရွာမှ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းများတွင် ပညာသင်ယူနေသော မောင်ဇင်ကိုချစ် (Grade-6)၊ မမေမြတ်နိုး(Grade-7)၊ မရွှေဇင်ဝင်း (Grade-12) ကျောင်းသူကျောင်းသား အပြစ်မဲ့ကလေးသူငယ် (၃)ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၅) ဦး ပွဲချင်းပြီး ဗုံးစထိမှန်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ကျောင်းသူကျောင်းသား (၆)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၀) ဦးရှိကြောင်း သိရပါသည်။
၃။ အကြမ်းဖက်စစ်ကောင်စီက ကျောင်းများ၊ လူနေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသားချင်း စာနာ ထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနသည်ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား တိုက်ခိုက်ခံရပြီး ကလေးသူငယ်များ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်မှုဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင်လျက် သေဆုံးခဲ့ရသော ကလေးသူငယ် များအတွက် တရားမျှတမှုကို နည်းလမ်း အမျိုးမျိုးဖြင့်ဖော်‌ဆောင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top