“တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ယာယီသမ္မတ ပြောကြား”
ဇန်နဝါရီ ၂၁ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “ ကျွန်တော့်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ ပြီးခဲ့တဲ့ စနေနေ့က ချင်းအင်အားစုတွေနဲ့ တော်လှန်ရေးရန်ပုံငွေ မျှဝေသုံးစွဲမှု အခမ်းအနားနဲ့ပတ်သက်ပြီး အနည်းငယ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီ (CC) နဲ့ ကြားကာလ ချင်းအမျိုးသားများအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား တော်လှန်ရေးရန်ပုံငွေ မျှဝေသုံးစွဲမှုကို ပြီးခဲ့တဲ့ စနေနေ့က အခမ်းအနားအနေနဲ့လည်း ပြုလုပ်ကျင်းပပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရမှာ လိုအပ်ချက်တွေနဲ့ အကန့်အသတ်တွေ ရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ဟာ လိုရင်းပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အတွက် မဟာမိတ်တွေနဲ့အတူ၊ ရှိနေတဲ့ ရင်းမြစ်တွေကို မျှဝေသုံးစွဲရမယ်လို့ ခံယူပါတယ်။ ကျွန်တော်တို့အနေနဲ့ ချင်းအမျိုးသား ခေါင်းဆောင်များနဲ့ တာဝန်ရှိသူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ပေးဆပ်မှုတွေကို လည်း လေးစားဂုဏ်ပြုကြောင်း တစ်ပါတည်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရဟာ – အမျိုးသားညီညွတ်ရေးကို ရှေ့ရှုတဲ့ အစိုးရဖြစ်တာကြောင့် တော်လှန်ရေးကာလအတွင်းမှာလည်း ပြည်သူလူထု ဘက်က ထည့်ဝင်လာတဲ့ တော်လှန်ရေးအရင်းအမြစ်တွေကို သက်ဆိုင်ရာ မဟာမိတ်တွေနဲ့ မျှဝေသုံးစွဲရမယ်ဆိုတဲ့ “မူ” ရှိထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ အခမ်းအနားဟာ ကျွန်တော်တို့အနေနဲ့ ဒီမူကို လက်တွေ့ ကျင့်သုံး နေ ကြောင်း ထင်ရှားတဲ့ သာဓကအနေနဲ့လည်း မှတ်တမ်းတင်ချင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော် တို့ရဲ့ လက်ရှိ တော်လှန်ရေးခရီးဟာ ယခင်ထက် ခရီးများစွာ ပေါက်မြောက် ခဲ့ပြီးဖြစ်တယ်ဆိုတာကို လက်ခံကြဖို့ ဖြစ်ပါတယ်။ လက်ရှိအခြေအနေဟာ နဂိုရှိရင်းစွဲ အနေအထားထက် တော်လှန်ရေးခရီး မှတ်တိုင်ပေါင်းများစွာကို ကျွန်တော်တို့ အားလုံးဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုကို အမြစ်ဖြတ်နိုင်ရေးမှာ စစ်ရေးနဲ့ နိုင်ငံရေးအပြင် ဘဏ္ဍာရေးကဏ္ဍကလည်း အရေးတကြီး ပါဝင်နေပါတယ်။ စစ်အုပ်စုရဲ့ ဘဏ္ဍာရေးဒေါက်တိုင်တွေ ယိုယွင်းသထက် ယိုယွင်းလာစေရေးအတွက် ကျွန်တော်တို့ဟာ စစ်ရေးနည်းလမ်းအပါအဝင် နိုင်ငံရေးနည်းလမ်းနဲ့လည်း ကြိုးစားလုပ်ဆောင်ဖို့ လိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ ဘဏ္ဍာရေးအသက်ရှုပေါက်ကို ချောင်အောင် လုပ်ပေးနေတဲ့ ဒေသတွင်းသံတမန် အခင်းအကျင်းကိုလည်း အလှည့်အပြောင်းဖြစ်အောင် ကျွန်တော်တို့ဘက်က တွန်းတွန်းတိုက်တိုက် ကြိုးစားဖို့ လိုနေသေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒီကိစ္စကိုလည်း အားထည့် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “အခုဆိုရင် ကျွန်တော်တို့ အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်ပြီလို့ မပြောနိုင်သေးဘူးလို့ ထင်ပါတယ်။ မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ “ကြိုးစားပြီးရင် ရပ်ပစ်လိုက်လို့ ရတဲ့ သဘောမျိုး မဟုတ်ဘူး” ဆိုတာ နားလည်ဖို့ လိုပါတယ်။ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ဖြစ်စဉ် ဖြစ်တယ်၊ Process ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ တော်လှန်ရေးခရီးတစ်လျှောက်လုံး ဒီဖြစ်စဉ်ကို အသက်ဝင်အောင် ကြိုးစား တည်ဆောက်နေဖို့ လိုပါတယ်။ ဒါမှသာ ပိုမိုအားကောင်းတဲ့ မဟာမိတ်ရေးရာ နိုင်ငံရေးပဋိညာဉ်တွေကို ခိုင်ခိုင်မာမာ – ကျစ်ကျစ်လစ်လစ်နဲ့ တည်ဆောက်နိုင်မယ်လို့ ယူဆပါတယ်။ တည်ဆဲ အခြေအနေဟာ မဟာမိတ် တွေရဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာ ဆက်လက်ရရှိရေးဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက်လည်း အရေးကြီးသလို၊ နွေဦးတော်လှန်ရေးတစ်ခုလုံးအတွက်လည်း အင်မတန် အရေးကြီးတယ်ဆိုတာ မေ့လို့ မရဘူးလို့ ပြောချင်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုကို ဖြိုချတဲ့နေရာမှာ စစ်ရေးကဏ္ဍဟာ အဓိက အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးဖြစ်ပါတယ်။ လက်ရှိ အချိန်ဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်ရဲ့ အင်အား အချိနဲ့ဆုံး အချိန်ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုလက်အောက်က တပ်မတော် စစ်သားတွေ အမြင်မှန် ရရှိရေးနဲ့ ပြည်သူ့ဘက်ကို အလုံးအရင်းနဲ့ ပါဝင်လာစေရေးကို ကျွန်တော်တို့ဟာ တွန်းတွန်းတိုက်တိုက် ဆက်လက် ကြိုးစားနေဖို့ လိုပါတယ်။ စစ်ဆိုတာမှာ တိုက်လို့ နိုင်တယ်ဆိုတာထက် မတိုက်ဘဲ နိုင်အောင်လုပ်နိုင်တာဟာ အကောင်းဆုံးသော မဟာဗျူဟာ ဖြစ်တယ်လို့ ပြောစမှတ်ရှိပါတယ်။ တစ်ဖက်မှာ လည်း ကျွန်တော်တို့ရဲ့ အမိန့်ပေးကွပ်ကဲမှုထီးရိပ်အောက်မှာ ရှိတဲ့ PDF တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေကို တစ်ညီတစ်ညွတ်တည်းဖြစ်အောင် ဆက်လက် တည်ဆောက်နေဖို့ လိုပါတယ်။ လက်နက်ကိုင် တော်လှန် ရေးဟာ တစ်ယောက်တစ်ပေါက်ဖြစ်နေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း စုစည်းညီညွတ်မှုဆိုတာကို နိုင်ငံရေးအရ တည်ဆောက်မှုအပြင် စစ်ရေးအရ လက်တွေ့ကျကျ တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့လည်း နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာမဆို ကာကွယ်ရေး တာဝန်တွေကို အသင့် ထမ်းဆောင်နိုင်စေဖို့ ကြိုးစားစေချင်ပါတယ်။ ကျွန်တော်တို့ လက်ရှိ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ခုခံတော်လှန်စစ်ဖြစ်သလို၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဖြစ်တယ်။ ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး၊ တစ်ပြည်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် မိမိတို့ ဒေသစွဲစိတ်ကို ဖျောက်ပြီး၊ တစ်နိုင်ငံလုံးအရေးအတွက် ဘယ်နေရာ ဒေသမှာ မဆို တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အမြဲ အသင့်ရှိနေစေချင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် လက်ရှိအချိန်မှာ ဒေသတွင်း အာဆီယံနိုင်ငံတွေအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံရေးထွက်ပေါက် ရှာနေတဲ့ လုပ်ရပ်တွေကို ကောင်းစွာ သဘောပေါက်နားလည်ပြီးဖြစ်တယ်လို့ ယူဆကြောင်း ၊ အတုအယောင်ရွေးကောက်ပွဲနဲ့ အကြမ်းဖက် စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်ယူဖို့ ကြိုးစားနေတာကို အာဆီယံခေါင်းဆောင်တွေက ကောင်းစွာ နားလည်သိရှိပြီးဖြစ်တယ်လို့ ယူဆကြောင်း ၊ အာဆီယံအနေနဲ့ စစ်အုပ်စုကို တိုက်တွန်းတဲ့အချက်တွေထဲမှာ နိုင်ငံ့ရဲ့ ငြိမ်းချမ်းရေးဟာ အခရာဖြစ်ကြောင်း နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အဖြေကောင်းမဟုတ်ဘူးလို့ ပြောဆိုတဲ့ တိုက်တွန်းချက်ကို လည်း ကြိုဆိုပါကြောင်း၊ ပြည်သူတစ်ရပ်လုံး တောင်းဆိုနေတဲ့ “မြန်မာစစ်တပ်ဟာ နိုင်ငံရေးထဲက ပါဝင်မှုကို အဆုံးသတ်စေဖို့” နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် လူထုအစိုးရသစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် လိုလားထက်သန်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီနှစ်အတွင်းမှာတော့ နိုင်ငံတကာတွေရော၊ တော်လှန်ရေး အင်အားစုတွေရော၊ ပြည်သူတွေရော အားလုံးစိတ်ဝင်စားနေကြတဲ့ ကိစ္စကတော့ တရားဝင်မှုမရှိတဲ့ အကြမ်းဖက်စစ်အုပ်စု က ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲမှာ အာဆီယံက အကြမ်းဖက်စစ်အုပ်စုကို ရွေးကောက် ပွဲက ဦးစားပေးမဟုတ်ဘူး၊ စစ်မီးငြိမ်းဖို့သည်သာ အဓိကလို့ ဆိုပါတယ်။ ရွေးကောက်ပွဲက မြန်မာပဋိပက္ခကို ပြေလည်စေမှာ မဟုတ်ဘူး၊ အဖြေမဟုတ်ဘူးလို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုများဘက်မှလည်း အကြိမ်ကြိမ် ရပ်ခံဖော်ပြခဲ့ကြပါတယ်။ ဒီအချက်ကို အာဆီယံအနေနဲ့ စတင်နားလည်လက်ခံစ ပြုလာတာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ အာဆီယံအနေနဲ့ ပြီးခဲ့တဲ့ ၄ နှစ်တာကာလလုံး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ကို အကြမ်းဖက်စစ်အုပ်စုဘက်က တစ်ချက်မှ လိုက်လျောမှုမပြုခဲ့တာ သိရှိပြီးဖြစ်ပါတယ်။ ယခုနှစ်မှာ မလေးရှားနိုင်ငံက အလှည့်ကျဥက္ကဌ ဖြစ်တဲ့အတွက် အာဆီယံအနေနဲ့ မြန်မာ ပဋိပက္ခကို ပြေလည်စေရေးလမ်းစကို ရောက်ရှိစေဖို့ ပိုမိုထိရောက်ပြီး လက်တွေ့ကျတဲ့ နည်းလမ်းတွေရှာဖွေနိုင်ဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် အာဆီယံက လက်ရှိပဋိပက္ခကို ပိုမိုကြီးထွားလာစေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ ဖိအားပေးနိုင်ဖို့၊ ပဋိပက္ခ ဆိုးကျိုးကို တိုက်ရိုက်ခံစားရတဲ့ မြန်မာပြည်သူလူထုရဲ့ ပြင်းပြတဲ့ဆန္ဒဖြစ်တဲ့ တရားမျှတမှုရရှိ ရေးကို ထည့်သွင်းစဉ်းစားအလေးထားဖို့၊ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများနဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပြောကြား လိုပါတယ်။ ” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “တကယ်တော့ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရနိုင်သမျှ နည်းလမ်းတွေသုံးပြီး ထွက်ပေါက်ရှာမှာပဲ ဖြစ်ပါတယ်။ သူတို့ပြောတဲ့ ရွေးကောက်ပွဲဆိုတာ သူတို့အတွက် အကောင်းဆုံးထွက်ပေါက်တစ်ခုလို့ ယုံကြည်ထား ပုံပေါ်ပါတယ်။ အဲ့ဒီအချိန်အထိလည်း ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းမှန်သမျှ အသုံးပြုပြီး ပြည်သူတွေကို စိတ်ရော၊ ကိုယ်ပါ ဒုက္ခပေးသွားမယ့်ပုံပါပဲ။ နေရာတိုင်းမှာ ရှုံးပွဲပေါ်နေပေမယ့် သူ့အတွက် အသေခံပေးနိုင်ဖို့ ပြည်သူတွေကို အဓမ္မစုဆောင်းပြီး လုံလောက်တဲ့လေ့ကျင့်မှုမျိုးတောင်မရပဲ စစ်မြေပြင် စီကို တွန်းပို့နေတာ ဖြစ်ပါတယ်။ ဒီလတွေမှာ လူငယ်လူလတ်တွေကို တွေ့တဲ့နေရာမှာ တွေ့သလို ပေါ်တာ ဆွဲတာတွေလည်း အတော်လေးကြားရတာကြောင့် အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ အခုဆိုရင် ရန်ကုန်၊ မန္တလေး စက်မှုဇုန်တွေက အလုပ်သမားစာရင်းတွေလည်း ထပ်မံကောက်ခံပြန်တယ်လို့ သိရပါတယ်။ အခုဆို အလုပ်ရှင်တွေလည်း ဝန်ထမ်းအခက်အခဲ၊ မီးအခက်အခဲ၊ ကုန်စျေးနှုန်း အခက်အခဲတွေနဲ့ အတော်ကို ရုန်းကန်နေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ လူတစ်စု အာဏာရူးပြီး စိတ်ထင်တိုင်းလုပ်ခဲ့ကြတဲ့ အကျိုးဆက်ရဲ့ နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်ရဲ့ လူမှုယန္တရားတခုလုံး ပြိုကျပျက်စီးသွားခဲ့ရတာ အတော်စိတ်မကောင်းဖြစ်ရပါတယ်။ ဒီတော်လှန်ရေးဟာ သမိုင်းတစ်လျှောက် တော်လှန်ရေးတွေနဲ့ယှဥ်ရင် အားရကျေနပ်စရာတွေ အများကြီးရရှိခဲ့တယ်ဆိုပေမယ့် ပေးဆပ်ခဲ့ရမှု တွေလည်း အလွန်များတဲ့ တော်လှန် ရေးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတခါတော့ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေစပြီး တူးထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့လည်း ကျွန်တော်တို့အားလုံး ခုချိန်ထိ ဘယ်လောက်အခက်အခဲရှိရှိ ဇွဲမလျော့ကြပဲ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ဝန်ကြီးဌာနအချင်းချင်း တိုင်ပင် ဆွေးနွေးမှုတွေ၊ တော်လှန်ရေးမဟာမိတ်အင်အားစုအသီးသီးနဲ့ တိုင်ပင်ဆွေးနွေးမှုတွေဟာ အင်မတန် အရေးကြီးကြောင်း ၊ အစည်းအဝေးတွေကိုသော် လည်းကောင်း၊ တွေ့ဆုံမှုတွေကို သော် လည်းကောင်း ရလဒ်ထွက်တဲ့အထိ လုပ်နိုင်ဖို့လိုမှာဖြစ်ကြောင်း၊ ဘယ်နှစ်ကြိမ် တွေ့ဆုံကြသလဲက အရေးမကြီးကြောင်းနဲ့ ဘာရလဒ်တွေ ထွက်သလဲကပဲ ပိုအရေးကြီးပါကြောင်း ၊ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့် ကာလမဟုတ်တာကြောင့် တွေ့ဆုံမှုတိုင်းကို ရလဒ်ကောင်းကောင်းထွက်အောင် ကြိုးစားကြပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အောင်မြင်တဲ့ လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲနိုင်တဲ့အထိ အားထုတ်ကြရမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပြည်ထောင်စုအစိုးရ နဲ့ ပြည်နယ်/ဖက်ဒရယ် ယူနစ်အကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစီရင်ခံစား အား တင်ပြဆွေးနွေးတာ ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ကရင် ၊ ကရင်နီ ခရီးစဉ်များအား တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။