အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် အစိုးရတစ်ဖွဲ့လုံးကအလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယာယီသမ္မတပြောကြား
ဒီဇင်ဘာ ၁၁ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “ဒီနေ့ဟာ နိုင်ငံတကာလူ့အခွင့်အရေးနေ့ နေ့ထူးနေ့ရက်ဖြစ်ပါတယ်။ လူ့အခွင့်အရေးနေ့ဆိုတာဟာ ကုလသမဂ္ဂအထွေထွေညီလာခံကနေ အတည်ပြုခဲ့တာ နှစ်ပေါင်း (၇၆) နှစ်ရှိလာပြီဆိုတာ တွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ အခြေခံလူ့အခွင့်အရေးတွေ တစ်နေ့ထက် တစ်နေ့ ပိုရဖို့ အခွင့်အလမ်းတွေ များလာပေမယ့်၊ ကျွန်တော်တို့ နိုင်ငံမှာတော့ ပြည်သူလူထုဟာ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတဲ့အဖြစ်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရပါတယ်။ ဒီလို ဆုံးရှုံးသွားတဲ့ ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပြန်လည်ရရှိနိုင်ဖို့အတွက်၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက အစဉ်တစိုက် ကြိုးစားအားထုတ်နေကြောင်း အစိုးရအဖွဲ့ဝင်များ အားလုံးအသိပင်ဖြစ်ပါတယ်။ ထို့အတူ ဒီရက်ပိုင်းမှာ ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံလိုက်တဲ့သတင်းဟာ ကျွန်တော်တို့နိုင်ငံအတွက် လည်း အားတက်စရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ စစ်မှန်ပြီး လက်တွေ့ကျတဲ့ တော်လှန်ရေးတွေ တိုင်း ဟာ အာဏာရှင်တွေကို အောင်ပွဲခံနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အာရပ်နွေဦး တော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ ဘယ်လို လက်မြှောက် အရှုံးပေးသွားခဲ့ကြရတယ် ဆိုတာ ကျွန်တော်တို့အား လုံး သိထားပြီးဖြစ်မယ်လို့ ယူဆပါတယ်။ အခု ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ကောင်စီခေါင်းဆောင်တွေကို ပြည်သူလူထုဟာ အဆုံးသတ်နိဂုံးချုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး၊ ကျွန်တော်တို့ နိုင်ငံမှာလည်း အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် ကျွန်တော်တို့ အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။ အချိန်နဲ့ ဒီရေဟာ လူကို မစောင့်ဘူးဆိုတဲ့ စကားရှိပါတယ်။ တော်လှန်ရေး ဒီရေကလည်း ကျွန်တော်တို့ကို စောင့်နေမှာ မဟုတ်ပါဘူး။ လက်ရှိ နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ရှေ့ဆောင်ရှေ့ရွက် မပြုနိုင်ဘူးဆိုရင်၊ ကျွန်တော်တို့ဟာ လှိုင်းထဲမှာ မြှုပ်သွားတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ နွေဦးတော်လှန်ရေးလှိုင်းကြီးက အင်မတန် ကြီးမားပြင်းထန်တာကြောင့်၊ ကျွန်တော်တို့ ဟာ လှိုင်းရဲ့ သဘော / သဘာဝကို မျက်ခြေပျက်သွားတာနဲ့ ကျွန်တော်တို့ အားလုံး စုပေါင်းလှော်ခတ်နေတဲ့ လှေကြီးက မြှုပ်သွားနိုင်တယ်ဆိုတာကို သတိရှိကြဖို့ အထူးလိုအပ်ပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ တော်လှန်ရေးအလုပ်ဆိုတာဟာ ခြေတစ်ဖက်လှမ်းထားရုံနဲ့ မလုံလောက်ဘူးလို့ ပြောချင်ပါတယ်။ တော်လှန်ရေးအလုပ်မှာ ခြေစုံရပ် မြှုပ်နှံမှ – လူထုက အားကိုးထိုက်တဲ့ ခေါင်းဆောင် / တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းက အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေဖြစ်နိုင်တယ်ဆိုတာ လုံးဝမေ့လို့ မရပါဘူး။ ကျွန်တော်တို့ဟာ တချိန်ကျရင် နွေဦးတော်လှန်ရေးသမိုင်းအကြောင်း- ကျွန်တော်တို့ မြေးမြစ်တွေကို ပြန်ပြောပြတဲ့အခါမှာ “ငါတို့တတွေဟာ ဘယ်လောက် ယုံကြည်ချက် ပြင်းထန်ခဲ့ ကြောင်း / ငါတို့ဟာ ဘယ်လောက်အထိ ခြေစုံရပ် မြှုပ်နှံခဲ့သူတွေ ဖြစ်ကြောင်း” ပြန်ပြောပြပြီး ဂုဏ်ယူနိုင်ဖို့ လိုပါတယ်။ တော်လှန်ရေးအလုပ်ဆိုတာဟာ “တို့ကနန်း-ဆိတ်ကနန်း” လုပ်လို့ မရဘူးလို့ ပြောချင်ပါတယ်။ ပြတ်သား သင့်တဲ့အချိန်မှာ ပြတ်ပြတ်သားသားလုပ်ရမှာ ဖြစ်သလို၊ လုပ်သင့်လုပ်ထိုက်တာတွေကို ဆုံးဖြတ်ပြီးရင် လည်း လက်တွေ့ကျကျ ဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ဟာ ၂၀၂၄ ခုနှစ် ကုန်တော့မယ့် ဒီဇင်ဘာလကို ရောက်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက – ပြီးစီးခဲ့တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အစီရင်ခံစာ တင်ပြကြဖို့ကိစ္စ ရှိပါတယ်။ ဝန်ကြီးဌာနအလိုက် ထိထိ ရောက်ရောက် လုပ်နိုင်တာတွေကိုလည်း နောက်ထပ် အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာ သုံးသပ်ဖို့ လိုပါတယ်။ အခု ကျွန်တော်တို့ ရပ်ခံလျှောက်လှမ်းနေတာဟာ လူထုရဲ့ အသက်သွေးချွေးနဲ့ ရင်းနှီးထားရတဲ့ တော်လှန်ရေးခရီးဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးလုံ့လကို အပြည့်ဝဆုံး စိုက်ထုတ်ကြဖို့ လိုပါတယ်။ လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ – ရေသာခိုလို့ မရဘူးဆိုတာ ကျွန်တော်တို့ သတိချပ်မိဖို့ အထူးလိုအပ်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါအပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် အနေနဲ့ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေ အပါအဝင် ပြည်သူလူထုတွေနဲ့အတူတူ ထိတွေ့ဆောင်ရွက်စရာ တွေကို လုပ်ဆောင်ခဲ့တာ မြင်တွေ့ရလို့ အထူးဝမ်းသာကြောင်း ၊ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ လူကိုယ်တိုင် ထိတွေ့ခြင်း/ အတူတူ ရှိနေခြင်းဟာ လူထုအတွက် ခွန်အားလည်းဖြစ်သလို၊ တော်လှန်ရေးရှေ့ဆောင်မှုအတွက် အခြေခံကျင့်စဉ် မူတရပ်လည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ ဒီကနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် (၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူတွေကတော့ လူ့အခွင့်အရေးဆိုတာကို ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ ထိုက်သင့်သလောက် ထိတွေ့ခွင့်ရခဲ့ တာကလွဲလို့ ယနေ့အချိန်အထိ ကောင်းစွာရရှိခဲ့ခြင်း မရှိတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကိုပဲ ခံနေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို ကျွန်တော်တို့ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် တောင်းဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။ ယခု နွေဦးတော်လှန်ရေး ပေါ်ပေါက်လာရတဲ့ အခြေခံအကြောင်းအရင်းကို ပြောရမယ်ဆိုရင်လည်း တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေး တွေ ပျက်သုန်းသွားပြီး ပြည်သူ့အာဏာကို လက်နက်နဲ့ လုယူနိုင်ဖို့ ကြိုးစားကြတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တွန်းလှန်ရာကနေ ပေါ်ပေါက် လာတဲ့ တော်လှန်ရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့လျှောက် တည်ဆောက်ကြရမယ့် နိုင်ငံတော်ကြီးမှာ အခုလို လူ့အခွင့်အရေးတွေကို အကြိမ်ကြိမ်ချိုးဖောက်နေတဲ့ အာဏာရှင်မျိုးတွေ ဘယ်တော့မှ မပေါ်ပေါက်စေဖို့ရန် အင်မတန်အရေးကြီးပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အတူတကွ တိုက်ပွဲဝင်နေကြတာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ဒီနှစ်ရဲ့ လူ့အခွင့်အ ရေးနေ့ဆောင်ပုဒ်အတိုင်းပဲ လွတ်လပ်မှုကို အာမခံနိုင်တဲ့ တရားမျှတမှုကို ဆောင်ကြဥ်းပေး နိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်နိုင်ဖို့ကိုလည်း ကျွန်တော်တို့အားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရမှာဖြစ်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ နောက်တစ်ခု ပြောကြားလိုတာက ကျွန်တော်တို့အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အာရုံစိုက် ရမယ့် ကိစ္စတွေတော့ အတော်များပါတယ်။ အချိန်က လည်း အကန့်အသတ်ရှိတယ်ဆိုတော့ ၂၀၂၅ ရဲ့ ပထမ ၃ လ ဘာတွေလုပ်ဆောင်ကြမလဲ၊ ဒုတိယ ၃ လ ဘာတွေလုပ်ဆောင်ကြမလဲ စသဖြင့် ဝန်ကြီးဌာနတစ်ခုချင်းစီသော် လည်းကောင်း၊ အစိုးရတစ်ဖွဲ့လုံးအနေနဲ့ သော်လည်းကောင်း ပြင်ဆင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “ တော်လှန်ရေး အစိုးရအနေနဲ့ ၄ နှစ်နီးပါး တာဝန်ယူထားကြရတာဖြစ်လို့ တော်လှန်ရေး ရဲ့ အခြေအနေ၊ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အနေအထားတွေအပေါ် သုံးသပ်ပြီး တော်လှန် ရေးအတွက် ထိထိရောက်ရောက် ဖြစ်စေနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲသင့်တာတွေ ပြုပြင် ပြောင်းလဲပြီး ရှေ့ဆက်ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်အမြဲပြောသလို ကျွန်တော်တို့အတွက် အချိန်ဟာ တန်ဖိုး ရှိပါတယ်။ ပြန့်ကျဲနေတဲ့ ကဏ္ဍအစုံကို ကောက် သင်းကောက် လုပ်ကိုင်ကြရင်း အင်အားတွေ ဆုံးရှုံးလို့ မဖြစ်ပါဘူး။ ဘယ်ကဏ္ဍကို ဘယ်လို အားစိုက်ကြရမလဲ။ လူမှန် နေရာမှန်တွေ ဘယ်လိုအသုံးပြုနိုင်အောင် ကြိုးစားကြရမလဲ၊ အလုပ်တွေ ပြန့်ကျဲပြီး သိပ်မထိရောက်ဘူးထင်ရင် ကျစ်ကျစ်လစ်လစ်နဲ့ စုစုစည်းစည်း ဘယ်အရာတွေကို လုပ်ဆောင်ကြရမလဲ စသဖြင့် တိုင်ပင်ကြရမယ့် အချိန်၊ အကောင်အထည် ဖော်ကြရမယ့် အချိန်ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ ဒီမနက်ထုတ်လွှင့်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူရဲ့ Press Briefing မှာဆိုရင်လည်း ဝေဖန်အကြံပြုချက်တွေများတဲ့ ပကဖ၊ ပအဖ၊ ပလဖ တို့နဲ့ ပတ်သက်တာတွေ ရှင်းလင်းပြောဆိုသွားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ကျွန်တော် တို့လုပ်ရမှာ ၂ ပိုင်း ရှိနေပါတယ်။ တဖက်က မူဝါဒနဲ့အညီ ထိန်းကျောင်းဖို့၊ လိုအပ်ရင် ရဲရဲဝံ့ဝံ့ အရေးယူဖို့နဲ့ တဖက်ကတော့ ပြည်သူကို အလေးထား ဆက်သွယ်ဆောင်ရွက်မှုပုံပေါ်စေတဲ့ Public Relation ပိုင်းကို အားဖြည့်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပအဖတွေကို အမျိုးသားညီညွတ် ရေးအစိုးရက မူမရှိဘဲ ဖွဲ့စည်းခဲ့တာမဟုတ်သလို အခုလည်း မူဝါဒတွေ၊ လမ်းညွှန်ချက် တွေနဲ့အညီ စီမံဆောင်ရွက်နေတယ်ဆိုတာ ပြည်သူတွေသိဖို့ လိုအပ်သလို လိုအပ်လာရင် လည်း လိုသလို ထိန်းကျောင်းဆောင်ရွက်နေတယ်ဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
ဒါအပြင် နွေဦးဘဏ်ရဲ့ ရှယ်ယာတွေကို သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကျော်အောင် ဝယ်ယူခဲ့ ကြတဲ့ တော်လှန်ပြည်သူတွေကို အထူးကျေးဇူးတင်ကြောင်း ၊ ဒါဟာ ဘဏ္ဍာရေးဆိုင်ရာ အောင်မြင်မှုဆိုတာ ထက်ပိုကြောင်း၊ ပြည်သူတွေဟာ တော်လှန်ရေးအတွက် ယနေ့ အချိန်ထိ မဆုတ်မနစ် စိတ်ရောကိုယ်ပါ ပါဝင်နေကြပြီး စုစုစည်းစည်းနဲ့ ခရီးဆက်နေကြဆဲ ဆိုတာကို သက်သေပြလိုက်တာဖြစ်ကြောင်း ၊ ဒီလောက် ထိ အောင်မြင်အောင် ကြိုးစားစီမံခဲ့ကြတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန အဖွဲ့သားများကိုလည်း ကျေးဇူးတင်ကြောင်း နဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုတွေအတွက် ဒီထက်ပိုကြိုးစားကြဖို့လည်း လိုမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် က စစ်ကိုင်းခရီးစဉ်ကို တင်ပြဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။