အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူ လူထုတရပ်လုံးက ယုံကြည်မျှော်လင့်ချက်တွေ များစွာ ရှိကြတယ်လို့ ယာယီသမ္မတ ပြောကြား
ဒီဇင်ဘာ ၃ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၉/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလ က “အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူ လူထုတရပ်လုံးက ယုံကြည်မျှော်လင့်ချက်တွေ များစွာ ရှိကြပါတယ်။ ဒီမျှော်လင့်ချက်တွေ ယုံကြည်မှုတွေကို ကျွန်တော်တို့က ရိုက်ချိုးလို့မရဘူး။ ကျွန်တော်တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေးကို ဘယ်လောက် ခံယူချက်ခိုင်ခိုင်မာမာနဲ့ အပ်နှံထားကြောင်း လက်တွေ့ ပြသဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ တင်းပြည့်ကျပ်ပြည့် ဆက်လက် လျှောက်လှမ်းရမယ့် အချိန်ကို ရောက်နေပြီဆိုတာ အားလုံး သိသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီခရီးအထိ အတူကျော်ဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ အခုအချိန်ဟာ အပြောင်းအလဲကြီးလည်း ဖြစ်သလို၊ လမ်းဆုံလမ်းခွလည်းဖြစ်နေတယ်ဆိုတာ သတိရကြဖို့ လိုပါတယ်။ တော်လှန်ရေး အလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့် လုပ်မှသာ၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ်ထုတ်နိုင်မယ်ဆိုတာ သတိရကြဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။” လို့ ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “၂၀၂၄ ခုနှစ် ကုန်ဆုံးတော့မယ့်အချိန်မှာ ကျွန်တော်တို့အစိုးရ အဖွဲ့ဝင်တွေလည်း ၂၀၂၄ ကို ပြန်လည်သုံးသပ်ပြီး လာမယ့်နှစ် ၂၀၂၅ အတွက် ပြင်ဆင်နေကြရတာမို့ အားလုံးလည်း ပင်ပန်းနေကြမယ့် အချိန်အခါပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို အပြီးသတ်အောင်ပွဲဝင်နိုင်ဖို့ ဘက်ပေါင်းစုံက စဥ်းစားလုပ်ဆောင်ကြရသလို အစိုးရတစ်ရပ် အနေနဲ့လည်း ပြည်သူကို ဝန်ဆောင်မှုပေးနိုင်ဖို့ကဏ္ဍတွေနဲ့ အကာအကွယ်ပေးနိုင်ဖို့ ကဏ္ဍတွေကို တစ်ပြိုင်နက်စီမံ လုပ်ဆောင်ကြရတာမို့ တကယ့်ကို ပင်ပန်းခက်ခဲစွာ ရုန်းကန်နေကြ ရတဲ့ အစိုးရပဲ ဖြစ်ပါတယ်။ တော်လှန် ရေးအစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှ ကြိုးစား အားထုတ်ခဲ့ကြပေမယ့် လိုအပ်ချက် တွေကတော့ ရှိနေဆဲ ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး လက်ခံပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဝန်ကြီးများ ပုံမှန်တွေ့ဆုံကြတဲ့ အစည်းအဝေးတွေမှာ မိမိတို့ရဲ့ အားသာချက် တွေကနေ တော်လှန်ရေး အရွေ့အတွက် အသုံးပြုနိုင်အောင် ကြိုးပမ်းကြဖို့နဲ့ မိမိတို့ရဲ့ အားနည်းချက်တွေကို အချိန်မှီ ပြန်လည်သုံးသပ် ဖြည့်ဆည်းကြဖို့ အထူးတိုက်တွန်း လိုပါတယ်။ အခုဆိုရင် နိုင်ငံတကာ ရာဇဝတ် ခုံရုံး (International Criminal Court) မှ တရားလို ရှေ့နေတစ်ဦးက မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက် သမားမင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေးနဲ့ ပါတ်သတ်ပြီး ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတယ် ဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက်တော့ ယိုင်နဲ့နေတဲ့ စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးပြုလှုပ်ရှားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီးလည်း နိုဝင်ဘာလ ၃၀ ရက်နေ့က မဟာမိတ်တိုင်းရင်းသားများနဲ့ ကျွန်တော်တို့ အတူတကွ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့တာ အင်မတန် ကောင်းမွန်ပါတယ်။
ကြေညာ ချက်ထဲမှာ ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရှိခဲ့ပေမယ့် ဒီလို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား ခံရတာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်အမြဲပြောခဲ့သလို ဒီတော်လှန်ရေးဟာ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ပြီး အခြေတည်လာခဲ့ကြတဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်း ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုရောက်ဖို့ အနီးဆုံးဖြစ်နေပြီဆိုတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုနဲ့အတူ ယနေ့အချိန်ထိ မိုက်တွင်းနက်ထဲ နေနေကြတဲ့ စစ်တပ်အတွင်းက တပ်မတော်သားတွေ အကုန်လုံးလည်း စစ်ရာဇဝတ်တရားခံနဲ့ အတူရှေ့ ဆက်မလား၊ မိမိ မိသားစု၊ မိမိနိုင်ငံအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမလားဆိုတာ သေသေချာချာ စဥ်းစားကြရတော့မယ့် အချိန်ဖြစ်ပြီး၊ နောက်ဆုံးအချက်ပေး ခေါင်းလောင်းထိုးနေတဲ့ အချိန်ဖြစ်ကြောင်း သတိပေးပြောကြားလိုတာ ဖြစ်ပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ နောက်တစ်ခုက အကြမ်းဖက်စစ်အုပ်စုက ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ကိစ္စပါ။ နဂိုတည်းက တိုင်းပြည်အာဏာကို မတရားလုယူဖို့ ကြိုးပမ်းနေတဲ့၊ ပြည်သူတွေကို ရန်သူသဖွယ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားဝင်မှုမရှိဘူးလို့ ပြောခဲ့ကြပြီးသား ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒီလိုမျိုး ရာဇဝတ် မှုတရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံရမယ့် အကြမ်းဖက်စစ်ခေါင်းဆောင်က ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်း အမျိုးမျိုးနဲ့ ထောက်ပံ့ကူညီဖို့ လုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ အင်မတန် သတိထားကြရမယ့် အခြေအနေ ဖြစ် လာပြီလို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကာလ တွေအတွင်းမှာတော့ အစိုးရအဖွဲ့အတွင်း ပိုမိုအားကောင်းစေရေးအတွက် တောက်လျှောက် ဆွေးနွေးလာတာတွေလည်း ရှိပါတယ်။ ဘာ့ကြောင့် အစိုးရအဖွဲ့အားကောင်းဖို့ လိုတာလည်း ဆိုရင် တော်လှန်ရေးရဲ့ အရွေ့ကို ဦးဆောင်မယ့်အစိုးရ အားကောင်းပါမှ တော်လှန်ရေးအတွက် အကျိုးများနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ စဥ်းစားသမျှကိစ္စတိုင်းဟာ တော်လှန် ရေးအောင်မြင်မှုအတွက် အားကောင်းမောင်းသန် အရွေ့တစ်ခုကို ဖြစ်စေဖို့ပဲ စဥ်းစားကြဖို့နဲ့ အချိန်က အကန့်အသတ် ပိုမိုဖြစ်လာပြီမို့ တော်လှန်ရေးအတွက် တိုက်ရိုက်ထိရောက်မှုရှိစေမယ့် အရေးကြီးတဲ့ကိစ္စတွေ အပေါ် ပိုမိုအားစိုက်လုပ်ဆောင်ပေးကြဖို့၊ ပြင်ဆင်ပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် နဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင် တို့က တော်လှန်ရေးပိုမိုအား ကောင်း စေရေးအတွက် မဟာဗျူဟာကျကျ ပြင်ဆင်ဆောင်ရွက်သင့်တဲ့ ကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။