၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေ တာဟာ ကျန်ဒေသအားလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ အတွက်လည်း အင်မတန်စိတ်အား တက်ကြွစရာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဩဂုတ် ၆ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ ဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုစကား ပြောကြားလိုတာကတော့ မြန်မာ့အမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဦးဆောင်တဲ့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များရဲ့ အောင်မြင်မှုကိုပဲ ဖြစ်ပါတယ်။ ဩဂုတ်လ (၃) ရက်နေ့မှာအာဏာလု စစ်အုပ်စုရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဟာ တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲဆင်နွှဲနေတဲ့ ဒီတော်လှန်ရေးအတွက်တော့ ကြီးမား တဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေတာဟာ ကျန်ဒေသအားလုံး မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ အတွက်လည်း အင်မတန်စိတ်အားတက်ကြွစရာ ဖြစ်ပါ တယ်။ တစ်နိုင်ငံလုံး နေရာဒေသအနှံ့ မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီညီ ဆက်လက်ကြိုးပမ်းသွားကြမယ်ဆိုရင် ဒီလိုအောင်မြင်မှုတွေ ဆက်လက် ဖော်ဆောင်နိုင်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ နေဝင်ချိန်ဟာ အနှေးနဲ့ အမြန် ရောက်ရှိလာတော့ မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ် မြန်မြန်ရောက်မှသာ ပြည်သူတွေရဲ့ ဘက်ပေါင်းစုံက ခံစားနေကြရတဲ့ ဒုက္ခတွေလည်း သက်သာချုပ်ငြိမ်းနိုင်မှာ ဖြစ်ပါတယ်။ စစ်ဒဏ် နဲ့အတူ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံစားနေကြရတဲ့ ပြည်သူတွေဟာ စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိစွာနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ စက်သုံးဆီရှားပါးမှု ပြဿနာဟာလည်း ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အတော်လေး ထိခိုက်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တစ်ဘက်က စစ်ရှိန်မြှင့်နေတဲ့အချိန်မှာ တစ်ဘက်က နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးစရာတွေ၊ စုစည်းဆောင်ရွက်ကြရမယ့်အရာတွေအတွက် စဥ်ဆက်မပြတ် ထိစပ်ဆောင်ရွက်နေမှသာ ဒီခရီးက ပိုပြီး မြန်မြန်ဆန်ဆန် ရောက်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
ဒါအပြင် ၃ နှစ်ကျော်ဖြတ်သန်းလာတဲ့ ဒီနွေဦးတော်လှန်ရေးမှာ အဆုံးသတ်ကို မြင်နေရပြီ ဆိုတာနဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို ဟန်ချက်ညီညီ ဘယ်လို ပွဲသိမ်းကြမလဲဆိုတာပဲ ဖြစ်ကြောင်း ၊ ဟန်ချက်ညီဖို့ဆိုတာလည်း တော်လှန်ရေးအင်အားစု တွေအားလုံးနဲ့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး အားလုံးအဆင်ပြေပြေ ညှိနှိုင်းဆောင်ရွက် နိုင်ဖို့ဖြစ်ကြောင်း နဲ့ ဝန်ကြီးများအားလုံးလည်း ဟန်ချက် ညီညီ ရှေ့ဆက်နိုင်ဖို့ရန်အတွက် ဆက်လက် ကြိုးပမ်းအားထုတ်ပေးကြရမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ အမျိုးသမီး ၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက သဘောတူစာချွန်လွှာ (MoU) ရေးထိုးခြင်းကိစ္စ ကို တင်ပြဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

