သက်တမ်းစေ့ရောက်သည့် အစိုးရငွေတိုက်စာချုပ်များ နှင့် စပ်လျဉ်း၍ စီမံဆောင်ရွက်ထားရှိမှုကို တော်လှန်ပြည်သူများသို့ အသိပေးကြေညာခြင်း

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄

ကြေညာချက်အမှတ် (၅/၂၀၂၃)

၁။ သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ရန် အစီအစဉ်ရှိသည့် ငွေတိုက်စာချုပ်ပိုင်ရှင်များအနေဖြင့် https://www.unitedbonds-nug.org/ တွင် ပြန်လည်ရွေးနုတ်သည့် ပုံစံ (ဃ) ကို အချက်အလက် မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်မည် ဖြစ်ပါသည်။

၂။ ပုံစံ(ဃ)ကို အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းပေးသည့် ငွေတိုက်စာချုပ်ပိုင်ရှင်များထံသို့ ရက်သတ္တပတ် ၂ ပတ် မှ ၄ ပတ်အတွင်း ရွေးနုတ်ငွေကို ပြန်လည်လွှဲပြောင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

၃။ ၂ နှစ်သက်တမ်းစေ့ရောက်သော်လည်း ငွေတိုက်စာချုပ်ကို ဆက်လက်သက်တမ်းတိုးရန် ဆုံးဖြတ် ထားသူများ အနေဖြင့် သီးခြားနည်းလမ်းဆောင်ရွက်ရန် မလိုအပ်ဘဲ မိမိတို့လက်ဝယ်ရှိ ငွေတိုက်စာချုပ်ကို ဆက်လက်သိမ်းဆည်း ထားရုံမျှဖြင့် သက်တမ်း ၁ နှစ်တိုးခြင်းလုပ်ငန်းစဉ် ပြီးမြောက် အောင်မြင်ပါသည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချလျက်ရှိသည့် မြေကွက်၊တိုက်ခန်း၊ ရှယ်ယာများအဖြစ် ပိုင်ဆိုင်မှုလွှဲပြောင်းလိုသူများအနေဖြင့်လည်း ပုံစံ(ဃ) အား ဖြည့်သွင်းရန် မလိုအပ်ပါ။ ၎င်းတို့အတွက် ဆောင်ရွက်ရန်နည်းလမ်းများကို သီးသန့်ကြေညာချက်ထုတ်ပြန်၍ ထပ်မံအသိပေးသွားမည်ဖြစ်သော ကြောင့် ခေတ္တစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံပန်ကြား အပ်ပါသည်။

၅။ သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ရန် အစီအစဉ်ရှိသည့် တော်လှန်ပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် မိမိတို့ရင်းနှီးမြှုပ်နှံထားသည့်ငွေများ အဆင်ပြေချောမွေ့၊ လွယ်ကူလျင်မြန်စွာ လက်ဝယ်သို့ပြန်လည်ရရှိစေရေးအတွက် အောက်ပါအတိုင်း ငွေလွှဲပြောင်းမှု နည်းလမ်း (၂) သွယ်ဖြင့် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

(က) နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank-SDB) ငွေစာရင်းမှတဆင့် ပြန်လည် လွှဲပြောင်းပေးအပ်ခြင်း။

(ခ) NUGPay မှ တဆင့် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း။

၆။ ထို့ကြောင့် သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ရန် အစီအစဉ် ရှိသည့် တော်လှန်ပြည်သူများအနေဖြင့် နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထားခြင်း (သို့မဟုတ်) NUGPay အကောင့်ဖွင့်လှစ်ထားခြင်း နည်းလမ်း (၂) သွယ်အနက်၊ တနည်းနည်းကိုရွေးချယ်၍ စီမံ ဆောင်ရွက်ထားကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

၇။ Kachin Political Interim Coordination Team – KPICT မှတဆင့် ငွေတိုက်စာချုပ် ဝယ်ယူ ထားသူများအနေဖြင့် ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ခြင်း သို့မဟုတ် အမျိုးသား ညီညွတ်ရေးအစိုးရက ရောင်းချလျက်ရှိသည့် မြေကွက်၊ တိုက်ခန်း၊ ရှယ်ယာများအဖြစ် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း ကိစ္စရပ်များကို KPICT မှတဆင့်သာ ဆက်သွယ်ဆောင်ရွက်ပေးကြပါရန်နှင့် အသေးစိတ် အစီအမံကို KPICT က တရားဝင်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။

၈။ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံး ဆင်နွှဲလျက်ရှိသည့် နွေဦးတော်လှန်ရေးကြီးသည် အရေး အကြီးဆုံးသော အချိန်ကာလသို့ရောက်ရှိနေပြီဖြစ်ပါသဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်၍ မဆုတ်မနစ်၊ ထောက်ကူခွန်အားဖြည့်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံတိုက်တွန်း အပ်ပါသည်။

(ပုံ) တင်ထွန်းနိုင်

ပြည်ထောင်စုဝန်ကြီး

Scroll to Top