ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄
၁။ ၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ၅၄၀-တပ်နှင့် ၃၇၇-တပ်တို့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောက်ဦးအမွေအနှစ်ဇုန်အတွင်းတည်ရှိသော မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်အတွင်းရှိ ရှေးခေတ်ရခိုင်ဘုရင်အဆက်ဆက်၏ အမျိုးသား ယဉ်ကျေးမူ အမွေအနှစ်များအဖြစ် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ကျောက်စာတိုင်များ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ရုပ်ဝတ္ထုများနှင့် လူနေအိမ်ခြေများ ပျက်စီးခဲ့ရကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။
၂။ မြောက်ဦး ယဉ်ကျေးမှုဇုန်သည် UNESCO World Heritage Convention အရ အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေအဖြစ် အဆိုပြုတင်ပြထားသည့်နေရာလည်း ဖြစ်ပြီး မိမိတို့၏ တိုင်းရင်းသား ညီအကို မောင်နှမများဖြစ်သည့် ရခိုင်ပြည်သူတို့၏ သမိုင်း အစဉ်အလာ၊ ကြီးကျယ်မြင့်မြတ်မှု၊ မြို့ပြတည်ဆောက်သည့်နည်းပညာ ထွန်းကားခဲ့သည့် ယဉ်ကျေးမှုစသည့်တို့ တည်ရှိရာ အရပ်ဒေသဖြစ်သကဲ့သို့ မြောက်ဦးရှေးဟောင်း သုတေသန ပြတိုက်သည်လည်း ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားခဲ့သည်ဟု သိရှိရသည်။ ယင်းပြတိုက်သည် ရခိုင်တွင် ထွန်းကားခဲ့သည့် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး ခေတ်ကြီးလေးခေတ်တို့၏ သမိုင်းတန်ဖိုးဖြတ်မရနိုင်သည့် ကျောက်စာ၊ ကျောက်ဆစ် စသည့် အမွေအနှစ်များ ခင်းကျင်းပြသရာနေရာတစ်ခုလည်း ဖြစ်သည်။ ပြတိုက်အတွင်းရှိ ကျောက်စာ တိုင်များနှင့် ရုပ်ဝတ္ထုများသည် ရခိုင်ပြည်၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ရခိုင်ပြည်သူပြည်သားတို့၏ အတိတ်သမိုင်းကို ပြသထားသည့် အဖိုးတန်ရတနာများ ဖြစ်သည့်အပြင် ထိုကျောက်စာတိုင်များတွင် ရေးထိုးထားသည့် ရခိုင်ဘုရင်များ၏ နန်းဓလေ့ များ၊ ရခိုင်အက္ခရာများသည် ရခိုင်လူမျိုးတို့အတွက် တန်ဖိုး မဖြတ်နိုင်သည့် အမွေအနှစ်များ ဖြစ်သဖြင့် ရခိုင်တို့၏ အတိတ် သမိုင်းနှင့် လူမူရေးသမိုင်းကိုပြသရာနေရာပင် ဖြစ်ပေသည်။
၃။ ထိုကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်သည့် တိုင်းရင်းသားတို့၏ အမွေအနှစ်များကို စစ်ရေးပစ်မှတ်ထား၍ ဖျက်ဆီးခြင်းသည် ရှေးခေတ်စစ်မိစ္ဆာများ တိုင်းတပါးကို ကျူးကျော် သိမ်းပိုက်သည့်အခါတိုင်း ဦးစွာဆောင်ရွက်လေ့ရှိသည့် Archives ဖျက်ဆီးခြင်း လမ်းစဉ်ကို ပြလုပ်ပြီး ထိုလူမျိုးတို့၏ အရင်းအမြစ်ဖျောက်ဖျက်ခြင်းဖြစ်၍ လွန်စွာလူသားမဆန်သည့်လုပ်ရပ်ဖြစ်ခြင်း၊ မြန်မာနိုင်ငံသည် “The Geneva Convention” နှင့် “ The Hauge Convention” ကို လက်မှတ်ရေးထိုးထားသော နိုင်ငံတနိုင်ငံဖြစ်ရာ စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ဂျီနီဗာ ကွန်ဗန်းရှင်းပါ စစ်ရေးပစ်မှတ်မဟုတ်သည်ကို ချိုးဖောက်ကျုးလွန် တိုက်ခိုက်ခြင်းနှင့် The Hauge Convention ပါအချက်အလက်ဖြစ်သည့် ယဉ်ကျေးမှု အမွေအနှစ်နေရာကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်လိုက်ခြင်း ဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ တည်ဆဲရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉(က)ကို ကျူးလွန်လိုက်ခြင်းဖြစ်ခြင်း၊ တိုင်းရင်းသား အချင်းအချင်းအပေါ်တွင် ဗိုလ်ကျ စိုးမိုး၍ ငြိမ်းချမ်းရေးအပြီးတိုင်ပျက်စီးစေရန် ကျူးကျော်ရန်စသည့် လုပ်ရပ်ဖြစ်ခြင်းများ ကြောင့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် အမျိုးညီညွတ်ရေးအစိုးရ ကြားကာလအမွေအနှစ် ထိန်းသိမ်းရေးကော်မရှင်မှ ပြင်းထန်စွာ ရှုံချလိုက်ကြောင်းနှင့် နိုင်ငံတကာတရားရုံး၊ ပြည်တွင်းတရားရုံး အရပ်ရပ်တို့အရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေငြာအပ်သည်။
အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့