ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
CDM Success Committee
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ( ၁၀ ) ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ( ၈ ) ရက်
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် အများ ပြည်သူ၏ဆန္ဒကို လျစ်လျူရှုကာ နိုင်ငံတော်၏အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မသိမ်းယူ ခ့ဲခြင်းကြောင့် ပြည်သူတစ်ရပ်လုံးက နွေဦးတော်လှန်ရေးကြီးကို စတင် ဆင်နွှဲခဲ့ကြပါသည်။ ထိုအချိန်မှစ၍ နိုင်ငံ့ဝန်ထမ်း CDM များသည် နွေဦးတော်လှန်ရေးကြီး၏ အဓိကအခန်းကဏ္ဍ တစ်ခုဖြစ်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် အရှိန်အဟုန်ဖြင့် ပါဝင်ခဲ့ ကြသည်မှာ ယခုအခါ (၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
၂။ နိုင်ငံ့ဝန်ထမ်း CDM များသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မိမိတို့၏ ရာထူး၊ အဆောင်အယောင်နှင့် ရပိုင်ခွင့်များကို စွန့်လွှတ်ခဲ့ကြသည်သာမက မိမိကိုယ်တိုင်နှင့် မိသားစုများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အစရှိသည်တို့တွင် ထိခိုက်နစ်နာမှုများ အပြင်းအထန် ကြုံတွေ့ခဲ့ရပြီး အထွေထွေအခက်အခဲများကြားမှ ယနေ့အချိန်အထိ ဆက်လက် ကြံ့ကြံ့ခံ တော်လှန်နေဆဲ ဖြစ်ပါသည်။
၃။ ထို့အပြင် ဒေသအသီးသီးရှိ တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်း များ၊ ပြည်သူများနှင့် လက်တွဲ၍ တော်လှန်ရေး၏ အရေးပါသော အခန်းကဏ္ဍများဖြစ်သည့် လက်နက်ကိုင်ကဏ္ဍနှင့် ပြည်သူ့ဝန်ဆောင်မှုဖြစ်သည့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားရေးကဏ္ဍ အစရှိသည်တို့တွင်လည်း နိုင်ငံ့ဝန်ထမ်း CDM များက ပါဝင်ကာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၄။ ထို့သို့ထိန်းချုပ်နယ်မြေများရှိ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း CDM များအပေါ် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် နည်းမျိုးစုံဖြင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရမှုများကြောင့် အဆိုပါ နိုင်ငံ့ဝန်ထမ်း CDM များ၏ အသက်အန္တရာယ်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အာမခံနိုင်မှုမှာ လွန်စွာစိုးရိမ်ဖွယ်ရာ ရှိနေသည့်အတွက် CDM နိုင်ငံ့ဝန်ထမ်းထုတစ်ရပ်လုံးက များစွာဝမ်းနည်း ထိတ်လန့်တုန်လှုပ် ကြရပါသည်။
၅။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး၏ အခန်းကဏ္ဍအသီးသီးတွင် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း CDM များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် အာမခံချက်ရှိစေရန်လည်းကောင်း၊ မတရားစွပ်စွဲခံ၊ ဖမ်းဆီးခံ၊ သတ်ဖြတ်ခံခဲ့ကြရသော CDM များအတွက် တရားမျှတမှုနှင့် အမှန်တရား ပေါ်ပေါက်စေရေးအတွက် လည်းကောင်း၊ ပြစ်မှု ကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသည့် အလေ့အထကို အပြီးတိုင် ချုပ်ငြိမ်း စေရေးအတွက် လည်းကောင်း၊ တရားမျှတမှု ပြန်လည်ဆောင်ကြဥ်းပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအား အလေးအနက် တိုက်တွန်းအပ်ပါသည်။
၆။ စစ်အာဏာရှင်ကို တော်လှန်နေကြသည့် သက်ဆိုင်ရာတော်လှန်ရေး အင်အားစုများက တော်လှန်ရေးသတိ၊ တော်လှန်ရေးအသိကို လက်မလွတ်စေဘဲ မိမိတို့စိုးမိုးအုပ်ချုပ်နိုင်သော နေရာဒေသများတွင် တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်များကို ခိုင်မာအားကောင်းစေပြီး ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးနိုင် ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်ပေးပါရန် လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။
၇။ နိုင်ငံ့ဝန်ထမ်း CDM များအနေဖြင့် အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းသည့် အချိန်မှစ၍ (၄) နှစ်တာကာလအတွင်း တော်လှန်ရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြသည့် CDM သူရဲကောင်းများအား တန်ဖိုးထား ဦးညွှတ် အလေးပြုပါကြောင်းနှင့် ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှ အမြန်ဆုံး အပြီးတိုင်ကျဆုံးချုပ်ငြိမ်း၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။
CDM Success Committee