“ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆) နှစ်ပြည်သို့ ပေးပို့သည့် သဝဏ်လွှာ”

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့
ဝ ပြည်အတွင်း နေထိုင်လျက်ရှိသည့် ဝ လူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံ၏ အေးချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ဖော်ဆောင်လျက်ရှိသည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ထူထောင်ခြင်း (၃၆) နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါသည်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီသည် အခက်အခဲ၊ စိန်ခေါ်မှုများစွာကို နှစ်ပေါင်းများစွာ ကျော်ဖြတ် ခဲ့ရပြီး ယနေ့ခေတ်တွင် အောင်မြင်မှုအသီးအပွင့်များ ရရှိလျက် ရှိကာ ပြည်ထောင်စုတွင်းရှိ ကျန်လူမျိုးများ အားကျရသည့် စံပြပြည်နယ်တစ်ခု လက်တွေ့ထူထောင်နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရပါသည်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ နှင့်ဝလူမျိုး တို့သည်လည်း ခက်ခဲကြမ်းတမ်းသည့် အတိတ် သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရသလို ယနေ့ကာလတွင် မြန်မာနိုင်ငံ၏တခြားသောနေရာဒေသများ၌ လူမျိုးစု အသီးသီးသည် စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရသည်။ တနိုင်ငံလုံး အတိုင်းအတာ ထာဝရငြိမ်းချမ်းရေး ရရှိပြီး ဖွံဖြိုးတိုးတက်မှု၊ အေးချမ်းတည်ငြိမ်မှု ရေရှည်တည်တန့်အောင် ထိန်းသိမ်းရေးမှာ စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားများ အတူလက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာစေရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဝလူမျိုးတို့ နှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း ဖော်ပြရင်း ဤသဝဏ်လွှာကို (၃၆) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် လေးစားဂုဏ်ယူစွာဖြင့် ပေးပို့လိုက်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
Scroll to Top