တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခြင်း

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ ဇွန်လ (၁၈) ရက်နေ့တွင် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြို့တော် Dili ရှိ သမ္မတနန်းတော်၌ တီမောလက်စ်တီ သမ္မတ Jose Ramos Horta အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ (၂) နာရီခန့်ကြာအောင် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
တွေ့ဆုံမှုအပြီး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးက “တီမောလက်စ်တီနိုင်ငံနှင့် သမ္မတနန်းတော်၌ ယခုလို ရောက်ရှိနေခြင်းသည် မိမိတို့အတွက် ဂုဏ်ပြုမှုတစ်ရပ်ဖြစ်ကြောင်း၊ သမ္မတကြီးနှင့် ဂါရဝပြုတွေ့ဆုံရာ၌ မြန်မာနိုင်ငံမှ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသော နယ်မြေများ၌ ကျန်းမာရေး၊ ပညာရေးနှင့် တော်လှန်ရေးကိစ္စရပ်များအကြောင်း၊ ထိုဒေသရှိ ပြည်သူများအတွက် မိမိတို့ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများအကြောင်းကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များအတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း” ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “မြန်မာပြည်သူများနှင့် မြန်မာ့တော်လှန်ရေး၏ ကိုယ်စား အသိပေးဆောင်ရွက်ပေးသည့် သမ္မတကြီးကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အဆုံးသတ်စေပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေးအတွက် စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ ဖိအားပေးမှုများကို လုပ်ဆောင်ရန် ဆက်လက်တောင်းဆိုကြောင်း၊ မိမိတို့ စိုးမိုးထိန်းချုပ်နိုင်သော ဒေသများလည်း ပိုမိုကျယ်ပြန့်လာကြောင်း၊ စိုးမိုးထိန်းချုပ်နယ်မြေသစ်များ၌ လူသားချင်းစာနာမှုအကူအညီများကို NUG အစိုးရက ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အဓိကစိန်ခေါ်မှုမှာ အရပ်ဘက်ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
တီမောလက်စ်တီ သမ္မတ Jose Ramos Horta ကလည်း “မိမိအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊ အထူးသဖြင့် NUG ၏ သံတမန်ရေးရာကို ကမ္ဘာအနှံ့ ဖြန့်ကျက်နိုင်မှုကို ပိုမိုအားကောင်းစေရေးအတွက် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ကတိပြုပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စ်တီ နိုင်ငံခြားရေး၀န်ကြီး Mr. Bendito Freitas နှင့်လည်း ၄င်း၏ ရုံးခန်းတွင် ရင်းနှီးစွာ တွေ့ဆုံဆွေနွေးခဲ့ကြပါသည်။
Scroll to Top