နိုင်ငံတော်ယာယီသမ္မတက ပြည်သူလူထုတစ်ရပ်လုံး ခံစားနေရတဲ့ ဘေးဒုက္ခတွေဟာ လတ်တလော အနာသက်သာရုံ၊ “ဆေးမြီးတိုနည်းလောက်နဲ့” အမှန်တကယ် မပျောက်နိုင်ဟု နိုင်ငံတကာအသိုင်းအဝိုင်းကို သတင်းစကားပါး
ဧပြီ ၁ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၀/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဧပြီလ ၁ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့သည်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းတွင် လတ်တလောလှုပ်ခတ်ခဲ့သော ငလျင်ကြီးကိစ္စနှင့်ပတ်သက်၍ “စစ်ကိုင်းနဲ့ မန္တလေးတို့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တကယ့် မြို့ကြီးတွေဖြစ်ပါတယ်။ သမိုင်းဆိုင်ရာ အမွေအနှစ်နဲ့ ဘာသာရေးဆိုင်ရာ အမွေအနှစ်တွေလည်း နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ သမိုင်းအမွေအနှစ်တွေ ကိန်းအောင်းတည်ရှိရာ မြို့ကြီးတွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် စစ်ကိုင်း ပြတ်ရွေ့ငလျင်ကြီးဟာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံအတွက် အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံးသော သဘာဝကပ်ဘေးကြီးဖြစ်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ ငလျင်ဘေးဒဏ်ကို ခံစားရတဲ့ ပြည်သူတွေရဲ့ မျက်ရည်တွေနဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ကျွန်တော့်အနေနဲ့ ထပ်တူ ခံစားဝမ်းနည်းမိပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်တွေကို ပြည်သူတွေဟာ လိုသည်ထက်ပိုပြီး အမြောက်အမြား ခံစားနေကြရတယ်ဆိုတာ တွေးမိပြီး၊ ခံပြင်းမိတာတွေလည်း ရှိပါတယ်။ ဒီစစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံး မချေမှုန်းနိုင်သရွေ့၊ ပြည်သူလူထုခံစားရတဲ့ ဒုက္ခတွေဟာ တတိတိနဲ့ တစိမ့်စိမ့် ခံစားနေရသလို ဖြစ်နေမယ်လို့ ယူဆပါတယ်။
” လို့ ပြောကြားပါသည်။
ဆက်လက်ပြီးတော့လည်း ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို လာရောက်ကူညီကြသော နိုင်ငံတွေကိုလည်း “ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုအတွက် နိုင်ငံတကာအကူအညီ အပံ့အပိုးတွေ ရရှိလာလို့လည်း ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို အထူး ကျေးဇူးတင်ကြောင်း ပြောချင် ပါတယ်။ ဒီလို နိုင်ငံတကာအထောက်အပံ့တွေဟာ အောက်ခြေပြည်သူလူထုဆီကို အဖိတ်အစင်မရှိဘဲ၊ ပြည့်ပြည့်ဝဝ တိုက်ရိုက် ရောက်ရှိနိုင်စေဖို့လည်း အထူး မျှော်လင့်ပါတယ်။ အလှူရှင်နိုင်ငံတွေအနေနဲ့ လည်း ဒါကို အလေးအနက်ထားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လောလောဆယ်အားဖြင့် ကူညီကယ်ဆယ်ရေးအတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့ နိုင်ငံတကာ နိုင်ငံကြီးတွေကနေ အလျင်အမြန် ကူညီပေးတဲ့အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက အထူး ကျေးဇူးတင်ကြောင်း ” ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး “အကြမ်းဖက် စစ်အုပ်စုဟာ အာဏာတည်မြဲရေးအတွက်ဆိုရင် ဘယ်အရာကိုမဆို လုပ်ရဲတယ်ဆိုတာကို ပြည်သူတစ်ရပ်လုံးက နားလည်သဘောပေါက်နေပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံ တွေကို အထူး မေတ္တာရပ်ခံလိုတာကတော့ – စစ်မှန်တဲ့ လူထုအစိုးရနဲ့သာ နိုင်ငံ့အတွင်းက ပြည်သူတို့ရဲ့ ဒုက္ခတွေကို အပြီးဆုံးတိုင် လွတ်မြောက် အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း သိစေချင်ပါတယ်။
ပြည်သူလူထုတစ်ရပ်လုံး ခံစားနေရတဲ့ ဘေးဒုက္ခတွေဟာ လတ်တလော အနာသက်သာရုံ၊ “ဆေးမြီးတိုနည်းလောက်နဲ့” အမှန်တကယ် မပျောက်နိုင်ဘူးဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံး နဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အလေးအနက်ထား သိစေချင်ပါတယ်။” ဟု နိုင်ငံတကာအတွက် သတင်းစကားကို ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ လူလုပ်တဲ့ဘေး၊ သဘာဝ ဘေး (၂) ခုလုံးကို တပြိုင်နက် ခံစားနေကြရချိန်ဖြစ်တာမို့ အလွန်ခက်ခဲတဲ့အချိန်အခါလို့ပဲ ပြောရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေဟာ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းအား (၇.၇) ရှိတဲ့ ငလျင်ကြီးကြောင့် မကြုံစဖူးဆင်းရဲဒုက္ခတွေကို ခံစားနေကြရပါတယ်။ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူး အစရှိတဲ့ ဒေသ တွေမှာ လူအသေအပျောက်တွေ၊ အဆောက်အအုံတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာလည်း မြန်မာအလုပ်သမားတွေ အပါအဝင် အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ငလျင်ဖြစ်ပေါ်ပြီး ၃ နာရီအတွင်းမှာပဲ အရေးပေါ် အစည်းအဝေးကို ချက်ခြင်းခေါ်ယူခဲ့ပြီး အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို အမြန်ဆုံးစတင်ဖို့ စီမံနိုင်ခဲ့ကြပါတယ်။ ဒီ ၄, ၅ ရက်အတွင်းမှာလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို ဌာနအလိုက် အလျင်အမြန်လုပ် ဆောင်နေတာကိုလည်း တွေ့ရလို့ ဝန်ကြီးဌာနတွေကိုလည်း ကျေးဇူးတင်ပါ တယ်။ တကယ်တော့ ဒီလိုသဘာဝဘေးအန္တရာယ်မျိုးဟာ တိုင်းပြည်ပုံမှန်အခြေအနေမှာ ရှိရင်တောင် တော်တော်လေး ဝိုင်းဝန်းကြိုးပမ်းဖြေရှင်းကြရမယ့် သဘာဝဘေးတစ်ခုပဲ ဖြစ်ပါတယ်။ အခုလို အကြမ်းဖက်စစ်တပ်က တိုင်းပြည်အာဏာကို မတရားလုယူဖို့ ကြိုးပမ်း နေတဲ့အချိန်၊ တစ်ဘက်မှာလည်း ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ပြန်ရောက်ရှိပြီး ခေတ်အဆက်ဆက် ပြည်သူကို ညှဥ်းပန်းနှိပ်စက်မယ့် စစ်အာဏာရှင်မျိုး မရှိစေရေးအတွက် တော်လှန်ရေးဆင်နွှဲနေရချိန်မျိုးမှာ ဒီလိုသဘာဝဘေးအန္တရာယ်ကြုံရတာ နိုင်ငံအတွက် အင်မတန်ဝမ်းနည်းမိပါတယ်။ Covid ဆိုတဲ့ ကပ်ရောဂါဘေးတုန်းကတောင် မပြည့်စုံသော် လည်း မေတ္တာနဲ့ စီမံဦးဆောင်ပေးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ ပြည်သူတွေဟာ ညီညီညာညာနဲ့ အတူရုန်းကန်ခဲ့ကြတဲ့ နိုင်ငံဖြစ်တာမို့ ဒီလိုသဘာဝဘေးတွေကိုလည်း ပြည်သူအပေါ်အမှန်အကန် စိတ်စေတနာရှိတဲ့ အစိုးရနဲ့ တက်ကြွပြီးအမြင်ကျယ်တဲ့ ပြည်သူတွေပူးပေါင်းပြီး အထိအခိုက်နည်းအောင် ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။ အခုတော့ Covid ကာလ အတူတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေအပါအဝင် Volunteer လုပ်ခဲ့တဲ့ လူငယ်တွေအကုန်လုံးဟာ တောတွေတောင်တွေထဲမှာ နိုင်ငံကို ပြန်လည်ကယ်တင်နိုင်ဖို့ သေနတ်ကိုင်နေကြရတာဖြစ်ပြီး ပရဟိတစိတ်အပြည့်ရှိသူ ပြည်သူတွေဟာလည်း တချို့ဆို ထောင်ထဲရောက်၊ တချို့ဆို ထွက်ပြေးရနဲ့ ဒီလိုအချိန်မှာ တက်ညီလက်ညီ ဝိုင်းဝန်းဖို့ အခြေအနေတွေ မရှိတာဖြစ်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ထင်ထားတာထက် ပိုပြီးအဆုံးအရှုံးများမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ ပိတ်ဆို့မှုတွေ၊ ညံ့ဖျင်းပြီး စေတနာခေါင်ပါးတဲ့ စီမံခန့်ခွဲမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုနစ်နာအုံးမှာပဲ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါသည်။
ဆက်လက်ပြီးတော့လည်း “ ကျွန်တော်တို့အစိုးရအနေနဲ့ ငလျင်ဒဏ်ကြောင့် လူအသေအပျောက်နဲ့ ထိခိုက် ဒဏ်ရာ ရရှိမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေစာရင်းကို ကောက်ယူနေတာတွေ၊ စိုးမိုးထိန်းချုပ်နယ်မြေ တွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်နေရာချထားရေးနဲ့ ထူထောင်ရေး လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီလုပ်ဆောင်နေတာတွေအပြင် ငလျင်ဒဏ်ခံဒေသတွေမှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို အချင်းချင်း စာနာဖေးမကာ အပြန်အလှန် ကူညီစောင့်ရှောက်ဖို့ မေတ္တာရပ်ခံတာမျိုးတွေကို ဝန်ကြီးတွေအနေနဲ့ သေသေချာချာ ပြောပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ဒီသဘာဝဘေးအန္တရာယ်ကို တနိုင်ငံတည်းနဲ့ ရင်ဆိုင်နိုင်ဖို့ အင်မတန်ခက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ငလျင် ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးပို့ကူညီဖို့လည်း တိုက်တွန်းဖိတ်ခေါ်ထားပြီး ဖြစ်ပါ တယ်။ ဒီအကူအညီတွေဟာ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို အသေအချာ ရောက်ရှိဖို့ကတော့ အင်မတန် အရေးကြီးပါတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေနဲ့ တကယ်ဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက် ကူညီပံ့ပိုးတာမျိုးနဲ့ သမာသမတ်ကျပြီး ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်တဲ့အဖွဲ့တွေက တစ်ဆင့် ပံ့ပိုးကူညီမှုတွေ ပြုလုပ်မှသာ ထိရောက် အကျိုးရှိမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုတရပ်လုံး ဆင်းရဲဒုက္ခတွေများစွာ ကြုံတွေ့ ခံစားရစေတဲ့ ဒီငလျင်ဘေးဒဏ်ကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းမရှိသလို ကိုင်တွယ် ဖြေရှင်းလိုတဲ့ စိတ်စေတနာလည်း လုံးဝမရှိပါဘူး။ သူတို့ဟာ ပြည်သူတွေရဲ့ ဒုက္ခကို ကူညီဖေးမဖို့ထက် သူတို့ရဲ့ အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရေးကိုပဲ ဆောင်ရွက်နေ တယ်ဆိုတာ အားလုံးလည်း မြင်တွေ့ပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိုးစစ်အားလုံးကို ၂ ပတ်ကြာ ရပ်တန့်ထားပေမယ့် သူတို့ဟာ ဒီငလျင်ဘေးအန္တရာယ်ကာလအတွင်းမှာတောင် လေယာဉ်နဲ့ ဗုံးကြဲခြင်းတွေကို ဆက်တိုက် လုပ်ဆောင်နေပါတယ်။ ဒါဟာ သူတို့ရဲ့ရက်စက်ယုတ်မာမှုကို ပိုပြီး ထင်ရှားစေတဲ့ အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း စက်ဆုပ်ရွံရှာစရာကောင်းတဲ့လုပ်ရပ်အဖြစ် ပေါ်လွင်စေပါတယ်။ ဒါတွေကို နိုင်ငံတကာက သိသာမြင်သာရှိအောင် ကျွန်တော်တို့ မီးမောင်းဖိုးပြဖို့လိုမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီငလျင်ဘေးအန္တရာယ်နဲ့ နောက်ဆက်တွဲ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့ တော်လှန်ရေး အင်အားစုတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး ကူညီကယ် ဆယ်ရေး လုပ်ငန်းတွေကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေကြောင်းလည်း သတင်းစကားပါးလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

ဒါအပြင် အကျပ်အတည်းတွေကြားထဲမှာ စိတ်ဓာတ်မကျပဲ တစ်ယောက်နဲ့ တစ်ယောက် အားပေးကူညီပြီး အတူတကွ ရပ်တည်ကြဖို့တော့ အရေးကြီးကြောင်း၊ တစ်နိုင်ငံလုံးက ပြည်သူတွေ၊ နိုင်ငံတကာက မိတ်ဆွေ တွေဟာ ကျွန်တော်တို့နဲ့အတူ ရှိနေကြတာဖြစ်လို့ ခံနိုင်ရည်ရှိမှုနဲ့ စည်းလုံးညီညွတ်မှုဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရကြောင်း၊ ဒီလို ခက်ခဲတဲ့ အခြေအနေတွေကို အတူတကွ ကျော်လွှားရင်း တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် ကြိုးစားကြမှာဖြစ်ကြောင်း၊ တိုင်းပြည်ကို အကောင်းဆုံး ပြန်လည် တည်ဆောက်ကြပါမယ်လို့ သတင်းစကားပါးချင်ကြောင်း၊ ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အဆောက်အအုံ အက်ကြောင်းတွေ၊ မြေလွှာအက်ကြောင်းတွေကြောင့် အဆောက်အဦး ဆက်ပြိုကျတာတွေ၊ ဆည်မြောင်း တာတမံတွေ ကျိုးပြတ်နိုင်တာတွေနဲ့ ကျန်းမာရေးပြဿနာတွေဟာ နောက်ဆက်တွဲ ငလျင်တွေနဲ့အတူ ဆက်လက်ဖြစ်ပွားနိုင်တာဖြစ်လို့ အထူးသတိထားကြဖို့ တာဝန်ရှိသူများ အနေနဲ့ ပြည်သူများကို ထိရောက်တဲ့သတင်းစကားတွေ ဖြန့်ဝေပေးကြဖို့အတွက်လည်း တိုက်တွန်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က အခွန်ဂိတ်များ စိစစ်နိုင်ရေးနဲ့ အခွန်စနစ်တည့်မတ်ထိန်းကျောင်းနိုင်ရေး တင်ပြခြင်း ၊ ငလျင်ဘေးဒဏ် တုန့် ပြန်ခြင်း ကိစ္စ နဲ့သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်း ရက်သတ္တပတ် သတ်မှတ်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ကြပါသည်။
အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။