ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် ပြည်ထောင်စုဝန်ကြီးချုပ်က ပေးပို့သော သဝဏ်လွှာ

(၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်)
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွင်း စစ်အာဏာရှင်လက်ပါးစေများ၏ တရားမဲ့သတ် ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်မှာ ယနေ့တွင် (၃၇) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့နည်းတူ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း စစ်အာဏာရှင်များ ၏ လူမဆန်စွာ ဖိနှိပ်ညှင်းပန်းသတ်ဖြတ်မှုများကြောင့် ကျဆုံးသွားခဲ့ကြရသည့် ရဟန်းရှင်၊ လူ ပြည်သူများအားလုံးအတွက် အထူးဝမ်းနည်းရပါကြောင်း ဦးစွာဖော်ပြလိုပါသည်။
ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကဲ့သို့သော ကျောင်းသားလူငယ်မျိုးဆက်များသည် မြန်မာ့နိုင်ငံ ရေးသမိုင်းတလျှောက် ပြည်သူလူထုအား မျက်နှာမူ၍ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ပြည်သူနှင့် တသားတည်း ပါဝင်ရပ်တည်၍ အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မဖိနှိပ်ညှင်းပန်း သတ်ဖြတ်မှု များကို ရဲဝံ့စွာ ဆန့်ကျင်တော်လှန်ခဲ့ကြပါသည်။ ယခုပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း မျိုးဆက်သစ် လူငယ်များသည် ရှေ့တန်းမှ ရဲဝံ့စွာ အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ပြီး ပါဝင်နေမှုများအပေါ် အလေးအနက် အသိအမှတ်ပြုအပ်ပါကြောင်းနှင့် လူငယ်များ ပါဝင်မှုသည် တော်လှန်ရေး အင်အားစုများအတွက် အားတက်ဖွယ်ဖြစ်ပါကြောင်း ထပ်လောင်းဖော်ပြလို ပါသည်။
ယခုအချိန်အခါသည် လွန်ခဲ့သော (၃၇) နှစ်အချိန်ကကဲ့သို့ပင် အကြမ်းဖက်စစ်အုပ်စု၏ မအောင်မြင်သော အာဏာသိမ်းယူမှုကြောင့် တိုင်းပြည်၏ အထွေထွေအကျပ်အတည်း ပေါ်ပေါက်နေချိန်ဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ် ညှင်းပန်းသတ် ဖြတ်ခြင်း၊ ဖမ်းဆီးအကျဉ်းချခြင်း၊ ပိုင်ဆိုင်မှုများအား အဓမ္မသိမ်းပိုက်ရယူခြင်း၊ နေအိမ်များ မီးရှိုဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိပါသည်။ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖိနှိပ်ညှင်းပန်းမှုများ အပြီးတိုင်ချုပ်ငြိမ်းပြီး လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု စသည့် အခြေခံလူ့အခွင့်အရေးများကို ပြည်သူလူထုအားလုံး အပြည့်အဝ ခံစားရရှိစေရေးအတွက် တော်လှန်ရေးအင်အားစုများအနေဖြင့် အချင်းချင်းစုစည်း ညီညွတ်စွာဖြင့် ဆက်လက်ကြိုးပမ်းသွား ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ယနေ့တိုင် ပြည်သူလူထုအားလုံး တွေ့ကြုံခံစား နေရသော အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ညှင်းပန်းမှု အဆိုးကျော့သံသရာမှ အမြန်ဆုံး လွတ် မြောက်နိုင်ရန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု အမြန်ဆုံးပေါ်ပေါက်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန် ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အလေးအနက် ကတိပြုဖော်ပြရင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၇)နှစ်ပြည့် နှစ်ပတ် လည်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
Scroll to Top