အမျိုးသားညီညွတ်ရေးအစိုးရက (၇၆) နှစ်မြောက် (မွူးနီꩻခွိုꩻပအိုဝ်ႏ) ပအိုဝ်းအမျိုးသားနေ့အတွက် ပေးပို့သော ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ

၂၀၂၅ခုနှစ်၊ မတ်လ (၁၃) ရက်
ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ခရစ်နှစ် ၂၀၂၅ ခုနှစ် ၊ မတ်လ ၁၃ ရက်နေ့ တွင် ကျရောက်သည့် (၇၆) နှစ်မြောက် (မွူးနီꩻခွိုꩻပအိုဝ်ႏ) ပအိုဝ်းအမျိုးသားနေ့ အခါသမယတွင် ပအိုဝ်း အမျိုးသားခေါင်းဆောင်ကြီးများ၊ ပအိုဝ်းအနွယ်ဝင်လူမျိုးစုများ၊ ပြည်တွင်းပြည်ပရှိ ပအိုဝ်းတိုင်းရင်း သားပြည်သူလူထုအပေါင်းနှင့် မဟာမိတ်ပအိုဝ်းတိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင် များအားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်း၍ ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက နှုတ်ခွန်းဆက်ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀) ကျော်၊ မဟာသက္ကရာဇ် (၃) နှစ် (တပေါင်းလပြည့်) စနေနေ့၊ လဝင် နေထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန်လင်း ရောယှက်သောအချိန်တွင် ပအိုဝ်းတိုင်းရင်းသား တို့၏ တောက်ပသည့်ခေတ်ကာလကို ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး သထုံမြို့ရှိ ရွှေစာရံစေတီတော်ကို တည်ထား ကိုးကွယ်ခဲ့သည့် ဗုဒ္ဓဘာသာဝင် သာသနာ့ဒါယိကာ မင်းမြတ်တစ်ပါးဖြစ်သော သူရိယ စန္ဒာမင်းကို မွေးဖွားခဲ့ပါသည်။ ထိုမင်းမြတ်၏ ကျေးဇူးတရားကို အောက်မေ့သောအားဖြင့် ပအိုဝ်းတိုင်း ရင်းသားတို့သည် တပေါင်းလပြည့်နေ့ကို “ပအိုဝ်းအမျိုးသားနေ့” (ဒဲဉ်သီးလာဗွေ)အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပပြုလုပ်လာခဲ့ကြသည်မှာ (၇၆) ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် လွန်ခဲ့သည့်နှစ် (၃၀၀၀)ဝန်းကျင် (ဘီစီ ၁၀၀၀ ဝန်းကျင် က တည်းကပင်) မျက်မှောက်ခေတ် မွန်ပြည်နယ်၊ သထုံဒေသ၌ အခြေချနေထိုင်ခဲ့ကြသည့် ဌာနေတိုင်းရင်း သားလူမျိုးများဖြစ်ပြီး သမိုင်းတစ်လျှောက်တွင် နိုင်ငံရေးလောကဓံပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ဘာသာ၊ စာပေ၊ ယဥ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ကာကွယ်မြှင့်တင်ပြီး နေထိုင်လာခဲ့ကြသည့် ဇွဲသတ္တိကို အမျိုးသားညီညွတ်ရေးအစိုးရက အထူးပင်လေးစားအားကျ ဂုဏ်ယူလျက်ရှိပါသည်။
ယနေ့နွေဦးတော်လှန်ရေး ခရီးလမ်းတွင်လည်း ပအိုဝ်းတိုင်းရင်းသားများသည် အခြားမဟာမိတ် တိုင်းရင်းသားလူမျိုးစုများနှင့်အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူ သမျှအပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် ကျရာနေရာမှ ခုခံတွန်းလှန်တိုက်ပွဲဝင်လျက်ရှိပြီး မျက်မှောက် ခေတ်သမိုင်းက ပေးအပ်လာသောတာဝန်ကို ပြည်သူလူထုနှင့်အတူ ထမ်းရွက်နေသည်ကိုလည်း အမျိုး သားညီညွတ်ရေးအစိုးရက အစဉ်အမြဲ ဂုဏ်ယူလေးစားပါကြောင်း လေးနက်စွာ ထပ်မံဖော်ပြအပ် ပါသည်။
နွေဦးတော်လှန်ရေး၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့အတွက် ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုနှင့်အတူ ပအိုဝ်းတိုင်းရင်းသားအင်အားစုများက အမျိုးသားညီညွတ်‌ ရေးအစိုးရနှင့်အတူတကွ လက်တွဲဆောင်ရွက်ပြီး အောင်ပွဲဆင်နိုင်ကြပါစေကြောင်း အလေးအမြတ် ဆန္ဒပြုလျက် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဂုဏ်ပြုဝမ်းမြောက် ကြောင်း သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top