လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့လည်း လိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား
မတ် ၄ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၈/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ယာယီသမ္မတ ဒူဝါလရှီးလက “ ကျွန်တော့်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ တော်လှန်ရေးအင်အားစုများအကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကိစ္စကို အလေးအနက်ထား ပြောကြားချင်ပါတယ်။ ဘုံညီညွတ်ရေးလို့ ပြောတဲ့နေရာမှာ၊ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် အထူးပြု ရည်ရွယ်တာဖြစ်ပါတယ်။ လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့လည်း လိုပါတယ်။ အခုဆိုရင် ချင်းပြည်ကောင်စီ [CC] နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစနိုင်တော့မှာ ဖြစ်ကြောင်း ကြားသိရတာကြောင့်၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တစ်ခုလုံးက ဝမ်းသာ ဂုဏ်ယူမိခဲ့ ကြပါတယ်။ ပြည်တွင်း ပြည်ပက ချင်းလူထုတစ်ရပ်လုံးကလည်း ချင်းညီညွတ်ရေးအပေါ် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြတာကို တွေ့ရပါတယ်။ နွေဦးတော်လှန်ရေး အတွင်းမှာလည်း ချင်းတို့ရဲ့ ညီညွတ်ရေးဟာ တခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့တွေအတွက် ကနဦး စံပြ ဖြစ်လာဖို့ လိုတယ်လို့ ယူဆပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ အင်အားတစ်ရပ် ဖြစ်တယ်ဆို ပေမယ့် တော်လှန်ရေးအဖွဲ့တွေအားလုံးကို ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစ်စုတစ်စည်းတည်း စုဖွဲ့နိုင်ခြင်းက ပိုပြီး အားကောင်းမှုကို ဖြစ်စေတယ်လို့ ပြောချင်ပါတယ်။ ” လို့ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ နိုင်ငံရေးသမိုင်းကို လေ့လာကြည့်တယ်ဆိုရင် “အကွဲအပြဲဇာတ်လမ်း” တွေနဲ့ ပြည့်နှက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာလည်း အကွဲအပြဲ ဇာတ်လမ်းတွေကို တွေ့ရသလို၊ အုပ်စုဖွဲ့ ဂိုဏ်းဂဏ ကွဲပြားမှုတွေလည်း အင်မတန် များပြား ခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာ ရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ရေးကို “ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ” ဖြစ်ပါတယ်။ တစ်ဖက်မှာ လည်း စစ်အစိုးရခေတ်အဆက်ဆက်မှာ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ သွေးခွဲသပ်လျှို အုပ်ချုပ်တဲ့ နည်းတွေကို လက်စွဲပြုပြီး လုပ်ဆောင်လာခဲ့တာကို ကျွန်တော်တို့ အားလုံး သတိချပ်သင့်တယ်လို့ ထင်ပါ တယ်။ စစ်အစိုးရအဆက်ဆက်ဟာ လူမျိုးစုညီညွတ်ရေးကိုလည်း မလိုလားသလို၊ တော်လှန်ရေး အင်အားစု တွေ အချင်းချင်းအကြား စုစည်းပေါင်းစည်းသွားမှာကိုလည်း မလိုလားပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ “ရန်သူ ဝမ်းသာအောင် မလုပ်သင့်ဘူး” လို့ ယူဆပါတယ်။” ဟု ယာယီသမ္မတ က ပြောကြားခဲ့ပါသည်။
“နိုင်ငံတကာအခင်းအကျင်းကလည်း ပြောင်းလဲမှုတွေ ရှိလာတာကြောင့်၊ ကျွန်တော်တို့ဟာ ကမ္ဘာ့နိုင်ငံရေးအခြေအနေကို မပြတ်ကြည့်ရှုပြီး အပြောင်းအလဲတွေနဲ့အတူ လိုက်ပါစီးမျောရင်း ကျွန်တော်တို့ရဲ့ မဟာဗျူဟာချည်းကပ်မှုတွေကို ထိရောက်မှုရှိစေဖို့ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း” ကိုလည်း နိုင်ငံတော်ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကဏ္ဍ (၆) ရပ်ဖြစ်တဲ့ နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ လူထုဆက်ဆံရေးကဏ္ဍ တွေကို ပိုမိုထိရောက် အောင်မြင်စွာလုပ်နိုင်ဖို့ ပြင်ဆင်စုဖွဲ့မှု ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဖိဖိစီးစီးနဲ့ အားစိုက်လုပ်ကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က တိုင်းဖက်ဒရယ်ယူနစ် ပေါင်းစပ်ညှိနှိုင်းရေးနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် လုပ်ငန်းလမ်းညွှန် အား တင်ပြဆွေးနွေးတာ နဲ့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ က အလုပ်သမားဝန်ကြီးဌာနရဲ့ လက်တလော ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြပါသည်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။