(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)
ရက်မြတ်မင်္ဂလာ ယနေ့အချိန်အခါ၌ ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ တွင် ကရင်တိုင်းရင်းသားလူမျိုးစုများအားလုံး လိုလားတောင့်တလျက်ရှိကြသော တန်းတူညီမျှပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်အနှစ်သာရပြည့်ဝသည့် ကရင်ပြည်ကို စည်းလုံးညီညွတ်စွာဖြင့် ထူထောင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း (၇၇) နှစ်အတွင်း ကရင်အမျိုးသားထုတရပ်လုံးသည် ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများ၊ ဆိုးရွားသော အတိတ်ဖြစ်ရပ်များကို ကြုံတွေ့ခံစားခဲ့ကြရသလို ယနေ့ထိတိုင် မဆုတ်မနစ်သောဇွဲသတ္တိဖြင့် မိမိတို့၏ နိုင်ငံရေးမျှော်ရည်ချက်များအတွက် တော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့် ပါဝင်အားထုတ်ခဲ့ကြပါသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှစ၍ မြန်မာပြည်အနှံ့ရှိ ကရင်အမျိုးသားများအားလုံး တောင်းဆိုခဲ့ကြသည့် ကရင်ပြည်ရရှိရေး၊ အမျိုးသားတန်းတူရေး၊ လူမျိုးရေးပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး စသည့် သမိုင်းဝင် တောင်းဆိုချက်များသည် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေး အခင်းအကျင်းတွင် အပြည့်အဝ အကောင်အထည်ဖော်နိုင်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံမြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသား ပေါင်းစုံ စုစည်းပါဝင်နေကြသည့် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း ဒီမိုကရေစီရေး၊ အမျိုသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝအာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကရင်အမျိုးသားထုတရပ်လုံးက ပူးပေါင်းပါဝင်လက်တွဲ၍ ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံပါဝင်နေသည့်အတွက်လည်း လေးစားဂုဏ်ယူ ပါကြောင်း လေးနက်စွာ ဖော်ပြလိုပါသည်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက် တွင် ကရင်လူမျိုး (၄၅၄,၁၀၀) ကျော် စုဝေး၍ ကရင် လူထုတရပ်လုံးအတွက်အရေးပါသည့် တောင်းဆိုချက် (၄) ချက်အား ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ ကြသကဲ့သို့ ပြည်သူ့နွေဦးတော်လှန်ရေးသည် ကရင်အမျိုးသားများအတွက်သာမက မြန်မာတနိုင်ငံ လုံးရှိ ပြည်သူများအတွက်ဖြစ်သည့်အားလျော်စွာ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ ဘုံသဘောတူညီချက်များ ချမှတ်လာနိုင်ခဲ့ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံဒေသအနှံအပြားမှ ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော ကရင်အမျိုးသားနေ့အား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဂုဏ်ယူလေးစား အသိအမှတ်ပြု ဖော်ပြသကဲ့သို့ ကရင်အမျိုးသားနေ့ကို အကြောင်းပြု၍ ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှု နှင့်အတူ ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး ပြီးမြောက်အောင်မြင်စေရန် ကဏ္ဍပေါင်းစုံမှ ပိုမို၍ လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တော်လှန်ရေးသစ္စာဖြင့် (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ