အမျိုးသားညီညွတ်ရေးအစိုးရက (၇၈) နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အတွက် ပေးပို့သည့်သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
ယနေ့ ဖေဖော်ဝါရီလ (၇) ရက်၊ ၂၀၂၅ ခုနှစ်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ရှမ်းအမျိုး သားနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ၊ ရှမ်းအနွယ် ဝင်လူမျိုးစုများ၊ ကမ္ဘာတဝှမ်းရှိ ရှမ်းတိုင်းရင်းသားများ၊ ရှမ်းပြည်အတွင်း နေထိုင်ကြသည့် အခြား သော ပြည်ထောင်စုအဖွဲ့ဝင်လူမျိုးစုများနှင့် ပြည်သူလူထုအပေါင်းအား အမျိုးသားညီညွတ်ရေး အစိုးရက ကိုယ်စိတ်နှစ်ပါးအေးချမ်းပြီး မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်း ဆက် မေတ္တာပို့သလိုက်ရပါသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်မှ (၁၂) ရက်အတွင်း ကျင်းပသည့် သမိုင်းဝင်ပင်လုံ ညီလာခံတွင် ဖေဖော်ဝါရီလ(၇)ရက်နေ့ကို ရှမ်းအမျိုးသားနေ့အဖြစ်လည်းကောင်း၊ ရှမ်းအမျိုးသား သီချင်းနှင့် ဝါ၊ စိမ်း၊ နီ ရှမ်းအမျိုးသားအလံတော်တို့ကို သတ်မှတ်ခဲ့ကြပါသည်။ သမိုင်းဝင် ပင်လုံ ညီလာခံအား အခြေခံ၍ ပေါ်ပေါက်လာသော ရှမ်းအမျိုးသားနေ့သည် ရှမ်းပြည်နယ်အတွင်းရှိ စော် ဘွားများနှင့် ပြည်သူလူထုကိုယ်စားလှယ်များအကြားတွင် ယုံကြည်မှု၊ စုစည်းညီညွတ်မှုနှင့် အတူ တကွ ညီညွတ်စွာယှဉ်တွဲ နေထိုင်နိုင်ခြင်းစသည့် အမျိုးသားရေးအမှတ်လက္ခဏာ ပြည့်ဝစွာဖြင့် ကျင်းပလာခဲ့ရာ (၇၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
ခေတ်အဆက်ဆက် အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ပင်လုံစာချုပ်ပါ သဘောတူညီ ချက်များဖြစ်သည့် အပိုဒ် (၅) နှင့် (၇) တွင်ဖော်ပြထားသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ (ထိုစဉ်အခေါ်အဝေါ်အရ တောင်တန်းဒေသများ)၏ နယ်အတွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိရမည်။ တောင်တန်းဒေသများ ကျင့်သုံးပိုင်ခွင့်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခြင်းကိုမည် သည့်အခါမျှ ဆုံးရှုံးခြင်းမရှိစေရဆိုသည့်အချက်နှင့် အသစ်ထူထောင်မည့် ပြည်ထောင်စုတွင် အဖွဲ့ဝင် ပြည်နယ်များ အားလုံး (ဝါ) တောင်တန်းဒေသများတွင် ဒီမိုကရေစီစနစ် ကျင့်သုံးရမည်ဟူသော အချက်တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖျက်ခဲ့ပါသည်။ ထို့နောက် စစ်ခေါင်းဆောင်များသည် ပြည်ထောင်စုရှမ်းပြည်အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုးကြားတွင် ပဋိ ပက္ခများ ဖန်တီးပြီး သပ်လျှိုသွေးခွဲသည့်ဗျူဟာကို ကျင့်သုံး၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို လျစ်လျူရှုကာ အကြွင်းမဲ့စစ်အာဏာရှင်ဝါဒကို ယခုလက်ရှိအချိန် ထိ အကြမ်းဖက် သွတ်သွင်းခဲ့သည်ကိုလည်း အားလုံးသိရှိပြီးဖြစ်ပါသည်။
ရှမ်းအမျိုးသားတော်လှန်ရေးလှုပ်ရှားမှုများသည် လွပ်လပ်ရေးရပြီးချိန်မှစ၍ ပြည်သူ့နွေဦး တော်လှန်ရေးအထိတိုင်အောင် ပါဝင်နေကြသည့် ပြည်သူလူထု နှင့် တော်လှန်ရေးမဟာမိတ်များကြား တွင် စိတ်ခွန်အားများ တိုးပွားစေခဲ့ပါသည်။ ဒီမိုကရေစီအရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက် ရှမ်းတိုင်းရင်းသားခေါင်းဆာင်များနှင့် ယခုလက်ရှိနွေဦး တော်လှန်ရေးအတွင်း အသက်၊ သွေး၊ ချွေး စတေး၍ ပေးဆပ်ခဲ့သော ရှမ်းအမျိုးသားသူရဲကောင်း အပေါင်းအားလည်း အမျိုးသားညီညွတ်ရေးအစိုးရက လေးမြတ်စွာ ဂုဏ်ပြုဦးညွတ် မှတ်တမ်း တင်ထားမည်ဖြစ်ပါသည်။
ယနေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် ရှမ်းအမျိုးသားနေ့မှ စတင်ပြီး ရှမ်းအမျိုးသား ခေါင်းဆောင်ကြီးများ၊ ရှမ်းပြည်အတွင်း နေထိုင်သော ရှမ်းလူမျိုးများ၊ ရှမ်းအနွယ်ဝင် တိုင်းရင်းသားများ နှင့် ပြည်သူလူထုတရပ်လုံး လိုလားတောင့်တသော စစ်အာရှင်စနစ်ချုပ်ငြိမ်းပြီး ပင်လုံစာချုပ်ပါ အခြေခံမူများအပေါ်တွင် အခြေခံသော၊ လွတ်လပ်သော၊ တရားမျှတသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော၊ မတူကွဲပြားမှုများကို တန်းတူရည်တူ အပြန်အလှန် လေးစားမှုရှိသော၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့တွင် ရှမ်းပြည်အတွင်းရှိ ရှမ်းတိုင်းရင်းသား လူမျိုးစု များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲညီညာစွာ ဆောင်ရွက်စေလိုပါကြောင်း အင်တိုက်အားတိုက် ဖိတ်ခေါ်ရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးဖို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top