အမျိုးသားညီညွတ်ရေးအစိုးရ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ဇန်နဝါရီ ၁၄ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျွန်တော်တို့ရဲ့ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှု ရရှိရေးနဲ့ လူထုယုံကြည် မှုကို ခိုင်ခိုင်မာမာ ရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မှတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်။ ” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “ တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်း အားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါအပြင် နှစ်သစ်ကူးမိန့်ခွန်းမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်က စစ်သားတွေကို ပြည်သူ့ရင်ခွင်ကို ခိုလှုံလာဖို့ ဖိတ်ခေါ်ထားကြောင်း ၊ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အရေးကိစ္စကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်ကို ဖြိုချတဲ့နေရာနဲ့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးခရီးမှာ အဓိက အရေးကြီးတဲ့အတွက် ထိထိရောက်ရောက် လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလိုနှစ်သစ်ကူးကာလတွေအတွင်းမှာကိုပဲ အကြမ်းဖက် စစ်အုပ်စုဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေကို များစွာပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ၊ ကလေးငယ်တွေ၊ လူနေအဆောက်အဦးတွေ ထိခိုက်ဆုံးရှုံးမှုရှိခဲ့တဲ့အတွက် အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ရန်သူကတော့ သူ့အလုပ်ကို သူတစိုက်မတ်မတ် လုပ်နေတာကို တွေ့ရပါတယ်။ နေရာဒေသအနှံ့က သူတို့ရဲ့ ပြုန်းတီးလာတဲ့ စစ်အင်အားတွေကို ပြန်လည်ဖြည့်တင်း နိုင်ဖို့အတွက် ရန်ကုန် အပါအဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ်များကို တပ်သားသစ်အဖြစ် နည်းမျိုးစုံသုံးပြီး ပေါ်တာဆွဲဖမ်းဆီး နေတဲ့ သတင်းတွေကိုလည်း ခပ်စိပ် စိပ် ကြားလာရပါတယ်။ ပေါ်တာဆွဲတာတွေအပြင် ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေထံကနေ ငွေညှစ်ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နေတယ်လို့ ကြားသိရပါတယ်။ ပြည်သူတွေလည်း နည်းလမ်းပေါင်း စုံနဲ့ စိတ်ဒုက္ခ အတော်‌ရောက်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့က အလုပ်တွေပိုလုပ်ပြီး ပိုမို အားစိုက်ကြဖို့ လိုတယ်ဆိုတာ ကျွန်တော်အမြဲ သတိပေး ပြောကြားနေရတာ ဖြစ်ပါတယ်။” လို့ ပြောကြား ပါတယ်။
ဆက်လက်ပြီးတော့လည်း “ တော်လှန်‌ရေးကာလအတွင်းမို့ တချို့ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတာဝန်တွေက အခြေအနေပေါ်မူတည်ပြီး အများကြီးဆောင်ရွက်လို့ မရနေတာလည်းရှိနိုင်သလို တချို့ဝန်ကြီးဌာန တွေ ကျတော့လည်း အတော်လေး အလုပ်များဝန်ပိနေတာမျိုးလည်း ရှိတာမို့ တန်ဖိုးရှိတဲ့ လူ့စွမ်းအားအရင်း အမြစ်တွေကို ထိရောက်အောင် မျှဝေသုံးစွဲနိုင်ဖို့ဆိုတာလည်း အမျိုးသားညီညွတ်ရေးအစိုးရအတွက် အင်မတန် အရေးကြီးပါတယ်။ ဒီအတွက် ဝန်ကြီးတွေ အားလုံးလည်း ဖြစ်နိုင်ချေရှိသမျှနည်းလမ်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဘယ်လိုအား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်မလဲဆိုတာကို တောက် လျှောက်တိုင်ပင်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်‌ရေးအစိုးရကို အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ဆိုတာ တော်လှန်ရေးကို မီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ လစ်ဟာမှုမရှိစေပဲ ကြိုးပမ်းရမှာ ဖြစ်သလို ဘယ်ကဏ္ဍမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိနေသလဲ ဘယ်ကဏ္ဍကို ဦးစားပေး ဖြေရှင်းကြမလဲဆိုတာကို တော့ အားစိုက်ဆောင်ရွက်ကြဖို့ လိုပါတယ်။ အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍ တွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေ အနေနဲ့ တော်လှန်ရေးလမ်း ကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်း ကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြား ရင်း နိဂုံးချုပ် ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော် မှုကော်မတီ နှစ်ချုပ်အစီရင်ခံစာ တင်ပြတာ နဲ့ “အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တုန့်ပြန်ရေး လုပ်ငန်းအဖွဲ့ (Anti-sham election Taskforce)” နှစ်ချုပ် အစီရင်ခံစာ တင်ပြတာ တွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
Scroll to Top