အမျိုးသားညီညွတ်ရေးအစိုးရ ၂၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အာဏာရှင်တွေဟာ ရွေးကောက်ပွဲကို အသုံးချပြီး သူတိုရဲ့ အာဏာတည်မြဲရေးအတွက် တရားဝင်ဖြစ်မှု ဆိုတာကို တည်ဆောက်တာလို့ ယာယီသမ္မတပြောကြား
အောက်တိုဘာ ၈ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၇/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “မနေ့က အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကို ကြားရတော့ ကျွန်တော့်အနေနဲ့ စိတ်ထဲအတော် စူးစူးနစ်နစ် ခံစားရပါတယ်။ ကျွန်တော့်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်အတွက်ရော၊ နိုင်ငံနဲ့ ပြည်သူလူထုအတွက်ပါ တန်ဖိုးကြီးတဲ့ ဆုံးရှုးမှုဖြစ်တယ်လို ပြောချင်ပါတယ်။ မနေ့က ဒီလို စိတ်မကောင်းစရာ သတင်းနဲ့ ဒီနေ့ အစိုးရအဖွဲအစည်းအဝေးက ရှေ့ဆင့် နောက်ဆင့်ဖြစ်လို အထူးတလည် ကြားဖြတ်ပြီး ဝမ်းနည်းကြောင်း စကားပြောရတာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ အစည်းအဝေးမှာတော့ လက်ရှိ ကြုံနေရတဲ့ ပြည်သူလူထုရဲ့ ရေဘေးဒုက္ခ နဲ့ပတ်သက်ပြီး ဝိုင်းဝန်းကူညီကြတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်အသီးသီးနဲ့ အဖွဲအစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြည်တွင်းမှာလည်း ပြည်သူမှ ပြည်သူသို ကူညီတဲ့ ကူညီကယ်ဆယ် ရေး လှုပ်ရှားမှု‌တွေကို အမြောက်အမြား တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာအဖွဲအစည်းတွေနဲ့ နိုင်ငံတကာရောက် မြန်မာအသိုင်းအဝိုင်းကလည်း လက်လှမ်းမှီသမျှ အဝေးကနေ ကူညီလုပ်ဆောင်တာတွေ ရှိလို ဝမ်းသာကြောင်း၊ ပီတိဖြစ်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ ခေါင်းဆောင်တွေနဲ့ ဝန်ကြီးဌာနအသီးသီးက ရဲဘော်၊ ရဲဘက်တွေကလည်း ရေဘေးကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ဝိုင်းဝန်း ချိတ်ဆက် လုပ်ဆောင်ပေးကြတာရှိလို အားလုံးကို တစ်ပါတည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “ကျွန်တော်တိုအားလုံး သိထားပြီးဖြစ်တဲ့အတိုင်း လက်ရှိ ပြည်တွင်းရေးကိစ္စ အပေါ်မှာ ဒေသတွင်း နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုက ထင်ထားတာထက် ပိုပြီး ထဲထဲဝင်ဝင် ဖြစ်လာတာ တွေ့ရတယ်။ ဒေသတွင်းနိုင်ငံတွေဟာ လောလောဆယ်အားဖြင့် ပြည်တွင်းက လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ရနိုင်သလောက် ထိန်းဖို ကြိုးစားတယ်လို ကျွန်တော် မြင်ပါတယ်။ တကယ်တော့ လက်ရှိ ဖြစ်ရပ်တွေဟာ ကျွန်တော်တို နိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်ပြီး ပံ့ပိုးလာတဲ့ စစ်အာဏာရှင် စရိုက်တွေရဲ့ စုပြုံအကျိုးပေးမှုကြောင့် ဖြစ်တယ်လို ပြောနိုင်ပါတယ်။ အတိတ်က အမြစ်စွဲနေတဲ့ စနစ်ဆိုး၊ စရိုက်ဆိုးကြောင့် ဖြစ်တဲ့ အခြေအနေတွေကို ကုစားရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို မရဘူးဆိုတာ ကျွန်တော်တို့ ပြောဖိုလိုပါတယ်။ ဒေသတွင်းနိုင်ငံတွေကို ဒီသတင်းမက်ဆေ့ချ်ကို ရောက်အောင် ပိုနိုင်ဖို လိုပါတယ်။ အခု ဒေသတွင်းနိုင်ငံ တွေရဲ့ တုံပြန်ချက်တွေဟာ ရေတိုသဘောထက် ရေရှည်သဘောကို သွားနိုင်ဖို လိုပါတယ်။ နောက်တစ်ခုက တော့ ဒေသတွင်းနိုင်ငံတွေထဲက အထူးသဖြင့် စစ်ကောင်စီက လုပ်ဆောင်ဖို ကြိုးစားနေတဲ့ အထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အနည်းငယ် ပြောချင် ပါတယ်။ တကယ်တော့ ကျွန်တော်တို အားလုံးက ဒီမိုကရေစီအခြေခံစံတန်ဖိုးတွေကို လေးလေးနက်နက် ယုံကြည်ကြတာ ဖြစ်တာကြောင့်၊ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုတာကို မူအားဖြင့် ခိုင်ခိုင်မာမာ ယုံကြည်လက်ခံ ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခု စစ်ကောင်စီက လုပ်ဆောင်မယ့် ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီ ကျင့်ထုံးနဲ့ ဒီမိုကရေစီမူတွေကို အခြေတည်ပြီး လုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းမှုကို တရားဝင်အာဏာအဖြစ် အသွင်ပြောင်းဖိုအတွက် ရွေးကောက်ပွဲကို လက်နက်တစ်ခုလို အသုံးချတဲ့ ကိစ္စသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို အားလုံးက အတုအယောင်ရွေးကောက်ပွဲလို နာမည်တပ်ရတာဖြစ်ပါတယ်။ နိုင်ငံတကာ လေ့လာဆန်းစစ်ချက် တွေမှာလည်း ဒီလို ဖြစ်စဉ်တွေ အမြောက်အမြား ရှိခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ အာဏာရှင်တွေဟာ ရွေးကောက်ပွဲကို အသုံးချပြီး သူတိုရဲ့ အာဏာတည်မြဲရေးအတွက် တရားဝင်ဖြစ်မှု ဆိုတာကို တည်ဆောက်တာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီ “မည်ကာမတ္တ” လို ပြောရလောက်မယ့် “ရွေးကောက်ပွဲဒီမိုကရေစီ” လောက်နဲ့ လူထုကို ရောင့်ရဲတင်းတိမ်ခိုင်းတာတွေ့ရပါတယ်။
” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါအပြင် “ ကျွန်တော်တိုဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကို ရောက်အောင်သွားဖို လိုတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကနေ စပွန်ဆာလုပ်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ အာဏာရှင်စနစ်ကိုပဲ သက်ဆိုးရှည်အောင် အထောက်အပံ့ ပေးတာတွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို နိုင်ငံနဲ့ ပြည်သူလူထုကို အဆိုးကျော့သံသရာထဲကနေ ရုန်းမထွက်နိုင်အောင် “ဘိန်းမှိန်း” မှိန်းခိုင်းတာလိုပဲ ကျွန်တော် မြင်ပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့ အဖြေကုထုံး မဟုတ်သလို၊ အနာဂတ် လူ့အဖွဲအစည်းအတွက်လည်း မျှော်လင့်ချက်သစ် မဖြစ်နိုင်ပါဘူး။ ဒါကို ကျွန်တော်တို တတွေ လေးလေးနက်နက် တွေးခေါ်စဉ်းစားပြီး အနာဂတ် လူ့အဖွဲအစည်းအတွက် အမြော်အမြင်ရှိရှိ တုံပြန် လုပ်ဆောင်ဖို အင်မတန် အရေးကြီးပါတယ်။ ဖြစ်ရပ်တိုင်း လုပ်ရပ်တိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းရင်း နောက်ခံတွေ ရှိတယ်ဆိုတာ ကျွန်တော်တို ခြေခြေမြစ်မြစ်နားလည်အောင် ကြိုးစားဖို ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲအစည်းမှာ “အကြောင်း – အကျိုး ဆက်စပ်မှု” ဆိုတာကို အမြဲ ပြောလေ့ရှိပါတယ်။ ကျွန်တော်တိုဟာ နွေဦးတော်လှန်ရေးအတွင်းမှာ အကျိုးရလဒ်ကောင်းတွေ ပေါ်ပေါက်အောင်၊ အကြောင်းကောင်းတွေ အများကြီး ဖန်တီး တည်ဆောက်ရမယ်လို ယုံကြည်ပါတယ်။” လို့ ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၃ နာရီ အချိန်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရေစီအင်အားစု အသီးသီး၊ ကျန်ရစ်သူမိသားစုနှင့်အတူ ကျွန်တော်တို့အနေနဲ့ အလွန်ပင် စိတ်ထိခိုက်ဝမ်းနည်း ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ မြန်မာ့ဒီမိုကရေစီခရီး တစ်လျှောက် မယိမ်းမယိုင် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ ပြည်သူများနှင့်အတူ မားမားမတ်မတ် လျှောက်လှမ်းထားခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်လိုပုဂ္ဂိုလ်မျိုးကို ဆုံးရှုံးရတာဟာ ကျွန်တော် တို့ လျှောက်လှမ်းနေတဲ့၊ မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တော်လှန်‌ရေးအင်အားစုတွေအနေနဲ့တော့ တော်လှန် ရေးခရီးလမ်းခုလတ်မှာ ကျဆုံးခဲ့ရသူတွေ၊ ကွယ်လွန်ခဲ့ရတဲ့ သူရဲကောင်းတွေအတွက်ပါ ပိုမို အားစိုက်ကြိုးပမ်းကြရမယ် ဆိုတာကို ခိုင်ခိုင်မာမာ ပြောကြားလိုပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ အကြမ်းဖက်စစ်အုပ်စုဟာ ၄ နှစ်တာနီးပါး အခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့ ပြည်သူတွေကို ပိုပိုပြီးအနေကြပ်အောင် တဆင့်ပြီး တဆင့် စီမံလာနေတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ကောက်ယူနေတဲ့ သန်းခေါင် စာရင်းလုပ်ငန်းစဥ်ကို ကြည့်မယ်ဆိုရင်လည်း စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ်ခံနေရတဲ့ တိုင်းပြည်မှာ ဘာကြောင့် ဒီလိုအချိန်အခါမျိုးမှာ သန်းခေါင်စာရင်းကောက်နေသလဲဆိုတာ စဥ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး ဆင်နွှဲနေကြတဲ့ ဒီနွေဦးတော်လှန်ရေးကို နှိမ်နင်းချင်လို့ သန်းခေါင်းစာရင်းကောက်ယူခြင်းကို လက်နက်သဖွယ် အသုံးချလာတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကို လိုတာထက် ပိုမိုကောက်ယူပြီး၊ ကောက်ယူတဲ့နေရာမှာလည်း စစ်သား၊ ရဲ၊ ပျူစောထီးတွေပါ ပါဝင်အင်အားသုံးပြီး ကောက်ယူတာမို့ ဒါဟာ သူတို့ကိုဆန့်ကျင်နေတဲ့ ပြည်သူတွေကို ခြောက်လှန့်ဖို့နဲ့ စိတ်တိုင်းကျ ဖိနှိပ်ချုပ်ချယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို သွားနေတာ ဖြစ်ပါ တယ်။ ” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “ဒါကြောင့် တော်လှန်ရေးအင်အားစုတွေ မစိုးမိုး မထိန်းချုပ်နိုင်သေးတဲ့ နေရာဒေသ တွေက ပြည်သူတွေအနေနဲ့တော့ ပါးပါးနပ်နပ် ကျော်လွှားကြရမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်း ချုပ်ထားနိုင်တဲ့ ဒေသတွေဘက်မှာတော့ လုံးဝကောက်ယူနိုင်ခြင်းမရှိပါဘူး၊ ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့တွေအားလုံး ဒီနှစ်အတွင်းမှာ တတ်နိုင်သလောက် စိုးမိုးထိန်းချုပ်ဒေသ တွေ ပိုမိုတိုးပွားအောင် လုပ်ဆောင်ဖို့ကတော့ အင်မတန် အရေးတကြီး လုပ်ဆောင်ကြရမယ့် အလုပ်လဲ ဖြစ်ပါတယ်။ အခုအချိန်ကာလဟာ တော်လှန်ရေးရဲ့ အရေးကြီးဆုံးအချိန်ကို ရောက် နေပြီဆိုတာ အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ စစ်အုပ်စုကလည်း သူလုပ်နိုင်သမျှ အစွမ်းကုန် တစ်ခုချင်း အဆက်မပြတ် လုပ်ဆောင်နေပြီဖြစ်သလို ကျွန်တော်တို့ အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံးကလည်း လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မြန်သွက် သွက် လုပ်ဆောင်ကြရမယ့် အချိန်ဖြစ်ပါတယ်။ စစ်ရေးအရှိန်အားကောင်းမှုဟာ နိုင်ငံတကာ ဆက်ဆံရေးဘက်က အရွေ့တွေ ပိုမိုအား ကောင်း‌ရေးအတွက် အထောက်အပံ့ဖြစ်စေသလို မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေအတွက်လည်း ပိုမိုထိရောက်စေမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးကဏ္ဍဘက်ကို အထူးအားစိုက်ကြရမှာ ဖြစ်သလို တစ်ပြိုင်နက် စဥ်းစားစီမံ နေကြရမယ့် ကိစ္စတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ် ရေးအစိုးရအနေနဲ့ ပြင်ဆင်ထားသင့်တဲ့ နိုင်ငံရေးအရွေ့တွေကိုလည်း နည်းမှန်လမ်းမှန်ဖြစ် အောင် တော်လှန်ရေးအတွက် ထိရောက်မှုရှိအောင် ဝိုင်းဝန်းဆွေးနွေးပြီး ပြုပြင်သင့်တာ ပြုပြင်၊ ပြင်ဆင်သင့်တာ ပြင်ဆင်ကြရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
ဒါအပြင် တော်လှန်ရေးကာလ တိုက်ပွဲဝင်အစိုးရဖြစ်တာကြောင့် ကဏ္ဍတစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိဖို့၊ ဝန်ကြီးဌာနတစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ဖို့တွေက အလွန်အရေးကြီးကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ရှိမြန်မာ့ရေးဘေး တုန့်ပြန်ထားရှိမှု အခြေအနေတွေ ကို တင်ပြဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
Scroll to Top