စစ်အုပ်စုကို အမြန်နိဂုံးချုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေအားလုံးက စုစုစည်းစည်းနဲ့ အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဩဂုတ် ၂၇ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၄/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ ပြောကြားလိုတာကတော့ တော်လှန် ရေးရဲ့ လက်ရှိ အခြေအနေအရ ကျွန်တော်တို့ အစိုးရအနေနဲ့ တစ်ပြိုင်နက် လုပ်ကိုင်ဆောင်ရွက် စရာတွေ အင်မတန်များနေတဲ့ အနေအထားကို တွေ့နေရပါတယ်။ စစ်ရေးကဏ္ဍကတော့ မဟာမိတ် တပ်တွေနဲ့ ကျွန်တော်တို့ PDF တွေရဲ့ ပူးပေါင်းအားတွေနဲ့အတူ ပြည်သူတွေရဲ့ ထောက်ခံအားတွေ ကြောင့် ဆက်လက် အောင်ပွဲတွေ ဆင်နိုင်နေအုံးမယ့် အခြေအနေ ဖြစ်ပါတယ်။ စစ်ရေးအရှိန်မြှင့် တင်မှုတွေနဲ့ အတူ တစ်ဘက်က နိုင်ငံရေးအခြေအနေတွေကလည်း ကဏ္ဍစုံက တိုးတက်မှုတွေ ရှိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေလို့ ပြောရင် နိုင်ငံခြားရေး၊ သံတမန်ရေး အခြေအနေတွေကအစ၊ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ စုစည်းပြင်ဆင်မှု အခြေ အနေ တွေ အပါအဝင် အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍတွေပါ မကျန် အားလုံးပါဝင်နေတာ ဖြစ်ပါတယ်။ တော်လှန်ရေးကို ဦးဆောင်နေကြသူတွေအနေနဲ့ နိုင်ငံရေးကဏ္ဍဘက်မှာ လက်ရှိကာလ ဖြစ်နိုင်ချေ တွေကို ရှုထောင့်ပေါင်းစုံက စဥ်းစားပြီး စုပေါင်းပြင်ဆင်ရမှာတွေ ရှိပါတယ်။ အထူးသဖြင့် ထွက်ပေါက်မရှိသလောက်ဖြစ်နေပြီး သမိုင်းတစ်လျှောက်အဆိုးဆုံး စစ်ရေးရှုံးနိမ့် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ပြည်သူကို ချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို သူတို့နဲ့ အတူ အဆုံးစွန်ထိ ဆွဲချသွားချင်နေပုံ ရပါတယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အထူးသတိထား စောင့်ကြည့်သင့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းတုန်းက အသက် ၃၅ နှစ် အထိ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေတစ်ခုကို ထုတ်ပြန်ခဲ့ပြီး လူငယ်လူရွယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုဟာ အခုဆိုရင် “ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်အဖွဲ့” ဆိုတာကို ဖွဲ့စည်းပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိ အရပ်သားအမျိုးသားတွေကို ရက်တို စစ်သင်တန်းတက်ခိုင်းပြီး ရပ်ကွက်နဲ့ ကျေးရွာတွေက ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့တွေမှာ မဖြစ်မနေပါဝင်ခိုင်းဖို့ စီစဥ်ဆောင်ရွက်လာပြန်ပါ တယ်။ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေနဲ့အတူ အထွေထွေအကြပ်အတည်းကို မွန်းကြပ်စွာ ရင်ဆိုင် နေရတဲ့ ပြည်သူတွေကို ဒုက္ခတွေ အထပ်ထပ်ပေးနိုင်ဖို့ အချိန်နဲ့အမျှ စဥ်းစားနေတဲ့ ဒီစစ်အုပ်စု ကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ကျွန်တော်တို့ ပြည်သူတွေ အသက်ဝဝ ပြန်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့လည်း လုပ်ဆောင်သင့်တဲ့ကိစ္စ တွေကိုအချိန်နဲ့ တပြေးညီ လုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်။ စစ်အုပ်စုကို အမြန်နိဂုံးချုပ်နိုင် ဖို့ဆိုတာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးက စုစုစည်းစည်းနဲ့ အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ အချင်းချင်းကြားမှာ ယုံကြည်မှုတွေတိုးပွားပြီး အလုပ်တွေ တူတူလက်တွဲလုပ်ရင်းနဲ့ ကျွန်တော်တို့ ပုံဖော်ချင်တဲ့ အနာဂတ်ကိုလည်း အတူစဥ်းစား နိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရဆိုရင် ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဘုံသဘော ထားရပ် တည်ချက်ကို အခြေပြုပြီး ဆက်လက်ဆောင်ရွက်စရာတွေကိုလည်း အားစိုက်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြားထဲမှာ အတူလုပ်ရမှာတွေရှိသလို ဒီသဘောထားရပ်တည်ချက်ကို တော်လှန်ရေး အင်အားစုတွေ အားလုံးလက်ခံပြီး အတူတကွ ညီညီညာညာသွားကြမယ့် ပန်းတိုင် ဟာ ဒါပဲ ဆိုတာကို သေချာအောင်လုပ်ကြရမယ့် အချိန်ဖြစ်ပါတယ်။ ရှေ့နှစ်အတွင်းမှာဆိုရင် စစ်အုပ်စုက နောက်ဆုံးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ နိုင်ငံတစ်ချို့လည်း ရှိနေတာကြောင့် သူတို့ကလည်း ရတဲ့နည်း နဲ့ လုပ်ဆောင်လာမှာပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သေသေချာချာ ထည့်သွင်း စဥ်းစားပြီး တစ်ဘက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင် ထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ၂၀၂၄-၂၅ မဟာဗျူဟာ တင်ပြပြီး ဆွေးနွေးခဲ့ကြ ပါတယ်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။